ရန်ကုန် ၁၆ နိုဝင်ဘာ
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း အစိုးရပိုင် အမွေအနှစ် အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းရေးစီမံကိန်းများ၌ မူလအရည်အသွေးအပျက် ပြင်ဆင်နိုင်ရေးအတွက် အရည်အသွေးစစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
“အဆောက်အအုံတွေကို အရည်အသွေးစစ်ဆေးတဲ့အပိုင်းမှာ တတိယအဖွဲ့အနေနဲ့ အစိုးရနဲ့ ဆောက်လုပ်ရေး လုပ်ငန်းပိုင်း နှစ်ခုကြားကနေ အရည်အသွေးစစ်တဲ့အပိုင်းကို အဓိက တာဝန်ယူ ပေးရတာပါ။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး တရားရုံးချုပ်အဆောက်အအုံကို ပြင်ဆင်မွမ်းမံတဲ့ အပိုင်းမှာ ကျွန်မတို့ဆီက အရည်အသွေး စစ်ဆေးတဲ့လုပ်ငန်းတွေ တာဝန်ယူပေးနေပါတယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ လက်ထောက်လူမှုဆက်ဆံရေးအရာရှိ မငြိမ်းဇာသွယ်က ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတရားရုံးချုပ်အဆောက်အအုံ၏ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးဘက်အခြမ်းကို အကြီးစားပြင်ဆင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိရာ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဝန်ဆောင်မှုအဖွဲ့က အရည်အသွေးပိုင်းဆိုင်ရာ ကြီးကြပ် စစ်ဆေးမှုများကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အမွေအနှစ် အဆောက်အအုံများ ပြင်ဆင်ရာတွင် ရှေးဟောင်းမူလလက်ရာများကို မပျက်စီးစေဘဲ အမွေအနှစ် အဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းများအတိုင်း ပြင်ဆင်နိုင်ရေးအတွက် အကြံဉာဏ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံ ပေါင်း ၂၀ဝ ခန့်ကို ရှေးမူမပျက်ပြင်ဆင်နိုင်ရန် အကြံပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - YHT


