ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အမွေအနှစ်ထိန်းသိမ်းရေးဆု ချီးမြင့်မည်

ရန်ကုန် ၁၀  ဇန်နဝါရီ

 

ရန်ကုန်မြို့ရှိ အမွေအနှစ်တန်ဖိုးရှိသော အဆောက်အအုံများနှင့် အများပြည်သူပိုင်နေရာများကို ရေရှည်တည်တံ့အောင် လက်ရာမပျက် ပြုပြင်ထိန်းသိမ်းအောင်မြင်ခဲ့သည့် စီမံကိန်းများကို အသိအမှတ်ပြုရန် ရည်ရွယ်၍ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)က အမွေအနှစ်ထိန်းသိမ်းရေးဆုကို ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အမွေအနှစ်ထိန်းသိမ်းရေးဆုနှင့်ပတ်သက်၍ သတ်မှတ်ရာတွင် နိုင်ငံပိုင်(သို့) ပုဂ္ဂလိကပိုင် အဆောက်အအုံများ အားလုံး အကြုံးဝင်ပြီး အစိုးရဌာနဖြစ်စေ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများကဖြစ်စေ၊ အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူ ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်သော ထိန်းသိမ်းခြင်းလုပ်ငန်းများ အားလုံးပါဝင်ကြောင်း သိရသည်။ ဆုကို ရွေးချယ်ရာတွင် အဆောက်အအုံ(သို့) အများပိုင်နေရာတစ်ခုခုသည် အနည်းဆုံးအနှစ် ၄၀ ကျော် သက်တမ်းရှိပြီး အမွေအနှစ်တန်ဖိုး ရှိရမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်မည့် စီမံကိန်းသည် အမွေအနှစ်ဆိုင်ရာ တန်ဖိုးရှိ/မရှိ မသေချာပါက တင်သွင်းသူက ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သို့ လျှောက်လွှာမတင်သွင်းမီ ဆက်သွယ်မေးမြန်းနိုင်သည်ဟု သိရသည်။ ထို့ပြင် လွန်ခဲ့သော ၅ နှစ်အတွင်းပြီးစီးကာ အသုံးပြုနေသော စီမံကိန်းလုပ်ငန်းများ ဖြစ်ရမည်ဖြစ်ပြီး ဒီဇိုင်းအဆင့်တွင်ရှိသော စီမံကိန်းများကို ထည့်သွင်းမည်မဟုတ်ကြောင်း သိရသည်။ 

 

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးအရာရှိ မနိုနိုအောင်က ဆုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ “အစိုးရဌာနပိုင် အဆောက်အအုံတွေပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက လုပ်ငန်းတွေကပဲဖြစ်ဖြစ် ဒီလိုမျိုးအမွေအနှစ် အဆောက်အအုံတွေကို လက်ရာမပျက်ပြန်ပြီး ပြုပြင်ထိန်းသိမ်းပြီးထားတာ ရှိတယ်။ အဲဒီအတိုင်းပြန်ပြီး အသုံးချနေတာရှိတယ်။ သေချာပြုပြင်ထိန်းသိမ်းပြီး ပြန်ပြီးအသုံးပြုနေတဲ့ အဆောက်အအုံတွေ ရှိပါတယ်။ အဲဒီလို ပြန်လည်ပြုပြင်အသုံးချတာကို ကျွန်မတို့က ကြိုဆိုတယ်၊ အသိအမှတ်ပြုတယ် ဆိုတဲ့အနေနဲ့ ဒီဆုကိုပေးတာပါ” ဟု ပြောကြားသည်။

 

အမွေအနှစ်ထိန်းသိမ်းရေးဆုများကို အကောင်းဆုံးဆု(Award of Excellence)၊ ဂုဏ်ပြုဆု(Honorable Mention)၊ ပြည်သူကရွေးချယ်ပေးသောဆု(People’s Choice Award) ဟူ၍ ပေးအပ်သွားမည်ဖြစ်ပြီး ဆုများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်ခန့်တွင် ပေးအပ်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)