နေပြည်တော် ဒီဇင်ဘာ ၂၈
ရန်ကုန်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် မလေးရှားနိုင်ငံသား ၁ ဦးတို့အား ငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၂ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် (၈) ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချကြောင်း သတင်းရရှိထားသူ လှဦး (ခ) လှမျိုးအား TOYOTA MARK X မော်တော်ယာဉ် တစ်စီးနှင့်အတူတွေ့ရှိ၍ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း ၂၇ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီတွင် တာမွေမြို့နယ် ဖိုးစိန်လမ်းမပေါ်တွင် မြတ်သူအား စိတ်ပြောင်းဆေးဝါး Happy Water ၁၂၉ ဂရမ်နှင့် လည်းကောင်း၊ ၎င်းနေထိုင်သည့် ပုဇွန်တောင်မြို့နယ် (၁၀) ရပ်ကွက်ရှိ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၆ ဒသမ ၁၂၅ ကီလို၊ ကက်တမင်းဂရမ် ၉၅၀ နှင့် အက်တက်စီဆေးပြား ၂၄၀ တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီခွဲတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၁) ရပ်ကွက်တွင် ငှားရမ်းနေထိုင်သည့် မလေးရှားနိုင်ငံသား Mr. Lee Kok Sun အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၇၅ ဂရမ်၊ အက်တက်စီဆေးပြား ၄၅၀ ၊ Happy - 5 ဆေးပြား ၆၀၀၊ အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံအလုံး ၅၀၀၊ Happy Water ရောစပ်ရာတွင် အသုံးပြုသည့် စတော်ဘယ်ရီ အရသာမှုန့်ဂရမ် ၈၀၀၊ လိမ္မော်အရသာမှုန့်ဂရမ် ၇၀၀ တို့နှင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၆ ဒသမ ၄၉၂၅ ကီလို၊ ကက်တမင်း ၁ ဒသမ ၀၅၂ ကီလို၊ အက်တက်စီဆေးပြား ၆၉၀၊ စိတ်ကြွဆေးပြား ၄၀၀ နှင့် Happy - 5 ဆေးပြား ၆၀၀ ၊ အမှုန့်ကြိတ်စက် ၁ လုံး၊ အိတ်ပိတ်စက် ၁ လုံး၊ ထုပ်ပိုးခွံအလုံး ၅၀၀ ၊ Happy Water ဖျော်စပ် ရာတွင် အသုံးပြုသည့် စတော်ဘယ်ရီ အရသာမှုန့်ဂရမ် ၈၀၀ နှင့် လိမ္မော်အရသာမှုန့် ဂရမ် ၇၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့သည် စိတ်ပြောင်းဆေးဝါးများအား ရောစပ်၍ ရန်ကုန်မြို့ပေါ်ရှိ KTV/ BAR/ CLUB နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်