ရန်ကုန် ၁၄ ဇန်နဝါရီ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (YRG)နှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းဆောင်ရွက်သော ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း Yangon Urban Mass Rapid Transit (YUMRT) Construction Project နှင့်ပတ်သက်၍ ပြည်သူလူထုသို့ ဒုတိယအကြိမ် အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီတော်ဝင်း၊ မဟာမုနိဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့မီးရထားတိုင်းအမှတ်(၇) တိုင်းတာဝန်ခံ ဦးစိုးမိုးအောင်က စီမံကိန်းအကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

 

ထို့နောက် E Guard Environmenal Services ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးအေးသီဟက သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်၊ စီမံကိန်း သက်ရောက်နိုင်မည့် ဧရိယာအတွင်း စစ်တမ်းကောက်ယူခြင်းလုပ်ငန်းစဉ်များ၏ ကနဦးတွေ့ရှိချက်များနှင့် ပတ်သက်၍ ပြည်သူလူထုအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ ထင်မြင်ချက်များ၊ အကြံပြုလိုသည်များနှင့် သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။

 

mdn

 

ဆက်လက်၍ မြန်မာ့မီးရထား တိုင်းအမှတ်(၇) တိုင်းတာဝန်ခံ ဦးစိုးမိုးအောင်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

 

အဆိုပါ အခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC)၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ (YRG)နှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊  တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နေထက်အောင်