ဇင်လင်းမြင့်၊ ဓာတ်ပုံ-အာကာဟိန်း

ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးမြို့တော်အဖြစ် ရောက်ရှိဖို့ ဘက်စုံထောင့်စုံက ကြိုးစားနေချိန် ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းတွေ၊ စက်မှုဇုန် သစ်စီမံကိန်းတွေ၊ တိုက်ခန်းအိမ်ရာသစ် စီမံကိန်းတွေနဲ့ အကောင်အထည် ဖော်နေချိန်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က အစိုးရက တည်ဆောက်ခဲ့တဲ့ ပြည်သူ့အိမ်ရာ ဟောင်းတွေကိုလည်း ပြည်သူ့အိမ်ရာအသစ်တွေ အဖြစ် ပြန်လည်တည်ဆောက်နေသလို ပြန်လည် တည်ဆောက်ဖို့ စီစဉ်ဆွေးနွေးနေတဲ့ ပြည်သူ့ အိမ်ရာစီမံကိန်းတွေလည်း ရှိနေပါတယ်။ အဲဒီ စီမံကိန်းတွေထဲမှာ ရန်ကုန်မြို့လမ်းသစ် ပြည်သူ့ အိမ်ရာကိုတော့ ပြန်လည်တည်ဆောက်နေပြီ ဖြစ်ပါတယ်။

လမ်းသစ် ပြည်သူ့အိမ်ရာစီမံကိန်းဟာ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ မော်တင် လမ်းကြားမှာ တည်ရှိပြီး မြေအကျယ်အဝန်းအဖြစ် မြေဧက ၄ ဒသမ ၇ ဧကပေါ်မှာ တည်ဆောက် နေတာဖြစ်ပါတယ်။ လမ်းသစ်ပြည်သူ့အိမ်ရာ စီမံကိန်းကို ၁၉၅၈ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်လို့ သက်တမ်းရင့် အဆောက်အအုံလည်း ဖြစ်ပါတယ်။

တင်ဒါအောင်မြင်

လမ်းသစ် ပြည်သူ့အိမ်ရာစီမံကိန်း ပြန်လည်တည်ဆောက်ဖို့ ၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက တင်ဒါခေါ်ယူခဲ့တာဖြစ်ပြီး အဆင့်ဆင့် စိစစ် ရွေးချယ်ခဲ့ပြီးနောက် တင်ဒါအောင်မြင်ခဲ့တဲ့ စေပိုင် ဖွံ့ဖြိုးရေးလီမိတက်က တည်ဆောက်နေတာ ဖြစ်ပါတယ်။

လမ်းသစ်ပြည်သူ့အိမ်ရာ စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တည်ဆောက်ရေးကာလကတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က စတင်ဆောက်ခဲ့တာဖြစ်လို့ လာမယ့် ၂၀၂၁ ခုနှစ်မှာ ပြီးစီးမယ်လို့ မျှော်မှန်း ထားပါတယ်။

ပိုမိုကျယ်ဝန်းတဲ့တိုက်ခန်း

လမ်းသစ်ပြည်သူ့အိမ်ရာမှာ မူလက အိမ်ထောင်စု ၂၆၄ စု၊ အခန်းပေါင်း ၂၆၄ ခန်း တည်ရှိနေထိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခန်း တစ်ခန်းအကျယ်ဟာ အရင်က စတုရန်း ပေ ၆၀ဝ ခန့်သာ ကျယ်ဝန်းခဲ့ပေမယ့် အခု အသစ်ပြန်လည် တည်ဆောက်မယ့် စီမံကိန်းမှာတော့ အရင်ကထက် ပိုမိုကျယ်ဝန်းတဲ့ တိုက်ခန်းတွေအဖြစ် နေထိုင်လို့ ရမှာ ဖြစ်ပါတယ်။

စီမံကိန်းပြီးစီးသွားရင်တော့ မူလနေထိုင်ခဲ့တဲ့ လူတွေကို နေရာပြန်လည်ပေးအပ်သွားမှာ ဖြစ်သလို ဝယ်ယူပြီး နေထိုင်လိုသူတွေအတွက်လည်း သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ လောလောဆယ် တည်ဆောက်ဆဲ ကာလမှာလည်း မူလနေထိုင်သူတွေ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးသွားတယ်လိို့ ဆိုပါတယ်။

လမ်းသစ်ပြည်သူ့အိမ်ရာ စီမံကိန်းကို အသစ်ပြန်လည် တည်ဆောက်တဲ့အခါ အဓိကအပိုင်း လေးခု သတ်မှတ်ပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ အထပ်ပေါင်း ၂၅ ထပ်မြင့်တဲ့ အဆောက်အအုံနှစ်လုံး၊ ခြောက်ထပ်ရှိတဲ့ လူနေဈေးရောင်း အဆောက်အအုံ ၂၈ လုံး၊ ဘတ်စ်ကားနှင့် တက္ကစီ ရပ်ဝန်းတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အစိုးရက တည်ဆောက်ထားတဲ့ ပြည်သူ့အိမ်ရာပေါင်း ၁၁ ခု ရှိပြီး ၅၂ လမ်းပြည်သူ့အိမ်ရာနဲ့ ရှင်းလင်းအိမ်ရာတွေကို ပြန်လည်တည်ဆောက်ပြီး တတိယမြောက်အဖြစ် လမ်းသစ်အိမ်ရာကို ပြန်လည် တည်ဆောက်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် ပုဇွန်တောင်မြို့နယ်က ပြည်တော်သစ်အိမ်ရာ စီမံကိန်းကိုလည်း တည်ဆောက်နေပြီး အင်းစိန်မြို့နယ် ကြို့ကုန်းအိမ်ရာကို ပြန်လည်တည်ဆောက်ဖို့ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူ့အိမ်ရာစီမံကိန်းတွေကို ပြန်လည် ဆောက်လုပ်ရာမှာ ပိုမိုပြီးပြည့်စုံနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေပါ ပါဝင်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဆောင်ရွက်တာမို့ ပြည်သူတွေရဲ့ မြေပြင်လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။

အခု အကောင်အထည်ဖော် တည်ဆောက်နေပြီဖြစ်တဲ့ လမ်းသစ်ပြည်သူ့အိမ်ရာ စီမံကိန်း အဆင့်မြှင့်တင် တည်ဆောက်နေတာနဲ့ပတ်သက်ပြီး “ပြည်သူတွေရဲ့ လက်ရှိနေထိုင်မှုဘဝကို မြှင့်တင်ပေးခြင်းဟာ သူတို့ရဲ့ လူမှုဘဝအခြေအနေကို တိုးတက်အောင် ဆောင်ရွက်ပေးထားသလို နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်းလည်း ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

လမ်းသစ်ပြည်သူ့အိမ်ရာ ပြန်လည်တည် ဆောက်ရေးစီမံကိန်းမှာ အထပ်မြင့်အဆောက် အအုံနှစ်လုံးအပြင် ဈေးရောင်းစင်တာ၊ အခန်းနေရာ၊ လူနေဆိုင်ခန်းတွေကို နိုင်ငံတကာအဆင့်မီ တည်ဆောက်နေတာဖြစ်တာကြောင့် ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ခေတ်မီဒီဇိုင်းနဲ့ ဖွံ့ဖြိုးမှုပုံရိပ်သစ်တစ်ခု ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

လမ်းသစ်ပြည်သူ့အိမ်ရာ ပြန်လည်အဆင့် မြှင့်တင်တည်ဆောက်တဲ့ စီမံကိန်းဟာ လူနေမှု အသိုက်အဝန်းအသစ်၊ အတွေ့အကြုံအသစ်၊ မိတ်ဆွေအသစ် စတဲ့အရာတွေ ပိုင်ဆိုင်နိုင်စေဖို့နဲ့ အခွင့်အလမ်း အသစ်တွေလည်း ရရှိစေဖို့ဆိုတဲ့ ရည်မှန်းချက်တွေလည်း နေထိုင်သူတွေရရှိစေမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာ အစိုးရအိမ်ရာစီမံကိန်းသစ်တွေ၊ ပြည်သူ့အိမ်ရာ ပြန်လည်အဆင့်မြှင့်တင် အသစ်တည်ဆောက်မှုတွေ၊ အထပ်မြင့်အိမ်ရာ တိုက်ခန်းတွေလည်း တည်ဆောက်နေတာမို့ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုးနေသလို လူနေ တိုက်ခန်းအသစ်တွေလည်း ထွက်ပေါ်နေချိန်မှာ အခုလို လမ်းသစ်ပြည်သူ့အိမ်ရာ အဆင့်မြင့် တည်ဆောက်ရေး စီမံကိန်းကလည်း ဆောင်ရွက်နေပြီဖြစ်တာကြောင့် လူနေတိုက်ခန်းသစ်တွေ ထပ်မံပြီး ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။

မြန်မာ့အလင်း

 

mdn

လမ်းသစ်ပြည်သူ့အိမ်ရာပုံစံငယ်။