ရန်ကုန်မြို့ပြသန့်ရှင်း ခေတ်မီလှပဖို့ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်စို့

သော်တာနမ့်စန်၊ ဓာတ်ပုံ -သစ္စာ


ရုံးပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့မို့ ရွှေတိဂုံစေတီတော်မြတ် မုခ်လေးမုခ်မှာ ဘုရားဖူးပြည်သူတို့ဖြင့် စည်ကားလျက်ရှိသည်။ အနောက်ဘက် မုခ်အနီးတွင်ရှိသော ပြည်သှူရင်ပြင်တွင်လည်း လာရောက် အပန်းဖြေသူတို့ဖြင့် စည်ကားလျက်ရှိသည့်နည်းတူ ရွှေတိဂုံတောင်ဘက်မုခ်ရှိ ဦးဥတ္တမပန်းခြံနှင့် ရန်ကုန်တိရစ္ဆာန်ဥယျဉ်တို့တွင်လည်း လာရောက်အပန်းဖြေသူတို့ဖြင့် ရန်ကုန်မြို့သည် အလုပ်ပိတ်ရက် အပန်းဖြေ အနားယူသူတို့ဖြင့် လှုပ်လှုပ်ရှားရှား စည်ကားလျက်ရှိသည်။


လမ်းမကြီးလေးဘက်မှ လှမ်းမြော်ဖူးတွေ့ရသော ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ရွှေရောင် ဝင်းဝါတောက်ပလျက် ဖူးမြော်ရသူအပေါင်းကို ကြည်ညိုသဒ္ဓါ တိုးပွားစေလျက်ရှိသည်။ ပြည်သှူရင်ပြင်မှ အရှေ့ဘက်တွင် ရွှေတိဂုံစေတီတော် မြတ်၊ အနောက်ဘက်တွင် လှပဝင့်ကြွားစွာ တည်ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ရန်ကုန်တိုင်းလွှတ်တော်တို့မှာ ခံ့ထည်စွာဖြင့် ရန်ကုန်မြို့ပြ၏ ဂုဏ်ကို ပြသလျက်ရှိနေသည်။


ရန်ကုန်မြို့ သန့်ရှင်းသာယာရေး ဝိုင်းဝန်းဆောင်ရွက်


မြန်မာပြည်၏ စီးပွားရေး၊ နိုင်ငံရေးအရ အချက်အချာကျရာ မြို့ ပြတစ်ခုလည်းဖြစ်၊ နိုင်ငံခြားသားခရီးသွားများ နှစ်စဉ်လာရောက် လည်ပတ်ရာဒေသဖြစ်သည့်အပြင် ကိုလိုနီခေတ်၏လက်ရာများ ယနေ့တိုင်ကျန်ရှိလျက် မြို့ပြအမွေအနှစ်တို့ ထိန်းသိမ်းသိုမှီးရာမြို့ကြီးအဖြစ် ထင်ရှားလျက်ရှိသည်။ နိုင်ငံခြားသားခရီးသွားများ လည်ပတ်ရာ ပုဂံနှင့်အင်းလေးပြီးလျှင် ဒုတိယအများဆုံး ခရီးသွားဝင်ရောက်ရာနေရာလည်း ဖြစ်သည်။ ထိုမြို့ပြကြီး တစ်နှစ်ထက်တစ်နှစ် ခေတ်မီလှပသန့်ရှင်းသာယာလှပလာရန် အစိုးရ တစ်ရပ်တည်းတွင် တာဝန်ယူရန် မဟုတ်ဘဲ ပြည်သူအပေါင်းမှလည်း မိမိနိုင်ငံ၏ဂုဏ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းဖော်ဆောင်သည့်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် မြို့ပြ သန့်ရှင်းသာယာလှပရေးကို ဝိုင်းဝန်းလက်တွဲ ဖော်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ ရန်ကုန်မြို့ကြီး အစဉ်သန့်ရှင်းလှပနေမည်ဖြစ်သည်။ ယနေ့ ရန်ကုန်မြို့ပြ၏ လမ်းမများပေါ်တွင် မြို့ ပြအင်္ဂါနှင့် ညီညွတ်မှုမရှိသော အရာများကို ပိုမို၍ တွေ့မြင်ရသည်။


ရန်ကုန်မြို့တွင်းဆိုလျှင် မဟာဗန္ဓုလပန်းခြံ၊ ဆူးလေစေတီတော်တို့တွင် နေ့စဉ် အများပြည်သူနှင့် နိုင်ငံခြားသားများ လာရောက် လည်ပတ်ရာနေရာအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ ထို့အတူ ဆူးလေ လူကူးခုံးကျော်တံတား၊ ပန်းဆိုးတန်း လူကူးခုံးကျော်တံတားနှင့်ကမ်းနားတို့တွင်လည်း အပန်းဖြေသူ၊ အနားယူသူတို့ဖြင့် ရန်ကုန်မြို့ပြ၏အလှကို နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ကြည့်ရှုခံစားလျက်ရှိသည်။ ဆူးလေ လူကူးခုံးကျော်တံတားပေါ်မှ ရွှေရောင်တောက်ပနေသော ကြည်ညိုဖွယ် ဆူးလေစေတီတော်ကြီးနှင့် ဟိုတယ်ကြီးများ၊ တာဝါအဆောက် အအုံများ၊ တည်ဆောက်စ အဆောက်အအုံတို့မှာ ရန်ကုန်မြို့ကြီး၏ တရိပ်ရိပ်ဖွံ့ဖြိုးတိုးတက်လာမှုကို ပြသလျက်ရှိသည်။ ရန်ကုန်မြို့တွင် အသစ်အသစ်သော အဆောက်အအုံများနှင့် ဟောင်းနွမ်းစပြုနေသော လူနေတိုက်တာ အဆောက်အအုံတို့ကိုလည်း သန်လျင်တံတား၊ ဘုရင့်နောင်အမှတ် (၁) တံတားနှင့် တွံတေး ကြိုးတံတားပေါ်မှတွေ့မြင်ရသည်မှာ မြို့ ပြ၏ အလှနှင့် ဂုဏ်ကျက်သရေကို ပေါ်လွင်စေလျက်ရှိသည်။ နောင်ဆိုလျှင် ရန်ကုန်-ဒလတံတားကြီး ပေါ်မှ ရန်ကုန်မြို့ ပြ၏အလှကို နေ့၊ ညအနီးကပ် ကြည့်ရှုခံစားနိုင်တော့မည် ဖြစ်သည်။ 


ရန်ကုန်မြို့တွင် ဆူးလေလူကူးခုံးကျော် တံတားလှေကားလက်ရန်းအောက်မှ ကွမ်းတံတွေးများ၊ စတုရန်းပုံ တံတားပေါ်ရှိ လူသွားလမ်းနံဘေးမှ ကွမ်းတံတွေးများ၊ အမှိုက်ပုံးအပြင်တွင် စွန့်ပစ်ထားသော အမှိုက်များ၊ တံတားပေါ်မှ ဈေးသည်များ လူကူးခုံးကျော်တံတားပေါ်ထက် တံတားအောက်ယာဉ်များကြား ပြေးပြေးလွှားလွှား သွားလာနေကြသူများ၊ တဖြည်းဖြည်းဖြင့် ရန်ကုန်မြို့တွင်း လူသွားလမ်း ပျောက်လာသော လျှောက်လမ်းပေါ်မှ ဈေးသည်များ၊ လမ်းဆုံ မီးပွိုင့်အနီးမှ ဈေးသည်များ၊ မြို့တွင်းလမ်းမ ကြီးပေါ်မှ ဈေးသည်များနှင့် ပန်းဆိုးတန်း လူကူးခုံးကျော်တံတား အတက်၊ အဆင်းမှ ဈေးသည်များ၊ ရန်ကုန်မြို့ရှိ ပန်းခြံများ ဝင်ပေါက် နှင့်ပန်းခြံတွင်းမှ ဈေးသည်များ၊ ရေဆိုးမြောင်းများနှင့် နောက်ဘက်လမ်းကြားများ၊ မြို့ပြ၏ ဟိုတယ်ကြီးများ၊ City Mart နှင့် Supermarket များရှေ့မှ လမ်းပေါ်ဈေးသည်များ၊ အဖြူ၊ အနီ ရေးဆွဲထားသောနေရာတွင် ရပ်တန့်ခရီးသည် တင်ဆောင်သော တက္ကစီယာဉ်များ၊ မြို့ပြ အဆောက်အအုံများနှင့် ရုပ်ရှင်ရုံများရှေ့မှ တွန်းလှည်းဈေးသည်၊ လမ်းပေါ်ဈေးသည်များ၊ အများပြည်သူ အပန်းဖြေရာ နေရာတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးသည်များ၊ ရန်ကုန်မြို့တွင်း ရေမြောင်းများအတွင်းမှ စွန့်ပစ်အမှိုက်နှင့် လမ်းပေါ်အမှိုက်များသည်လည်းကောင်း၊ မြို့တွင်းဌာနဆိုင်ရာ ရုံးများရှေ့တွင် ရောင်းချလျက်ရှိသော ဈေးသည်များ၊ မြို့ပြအလှနှင့် လိုက်ဖက်ညီစေမည့် ရန်ကုန်မြစ်ကမ်း တစ်လျှောက် ပြုပြင်မွမ်းမံရမည့် ဆိပ်ခံနှင့် ကမ်းနားများ၊ ပြုပြင်ရန် လိုအပ်နေသော ရန်ကုန်မြို့တွင်းမှ ရေဆိုးမြောင်းများ၊ ကိုယ်လက် လှုပ်ရှားအားကစားခြင်းနှင့် အများပြည်သူ အပန်းဖြေအနားယူသော အင်းလျားကန်နှင့် မြကျွန်းသာ ကန်ပေါင်တို့မှ ညလုံးပေါက် ဈေးသည်များ၊ စွန့်ပစ်အမှိုက်များသည်လည်းကောင်း စသည့်မြို့ပြအလှကို ထိခိုက်စေသော မြင်ကွင်းများကို ပြုပြင်ဖော်ဆောင်ခြင်းဖြင့် မြန်မာပြည်၏ပုံရိပ်ဖြစ်သော ရန်ကုန်မြို့ကြီး ခေတ်စနစ်နှင့်အညီ အိမ်နီးချင်း နိုင်ငံတို့နှင့်အတူ  ရင်ပေါင်တန်း ခေတ်မီဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။


သန့်ရှင်းသာယာ ခေတ်မီလှပသောမြို့ပြကြီး တစ်ခုအဖြစ် ပေါ်ထွန်းလာပါက ရန်ကုန်မြို့သည် ပြည်တွင်း ခရီးသွားများသာမက နိုင်ငံခြားသား ပြည်ပခရီးသွားများ ပိုမိုစိတ်ဝင်စားလျက် ခရီးသွား ဝင်ရောက်မှု တိုးမြှင့်လာသည်ကို တွေ့မြင်လာ ရမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေတိုးမြှင့် ရရှိကာ ထိုသို့သောအသီးအပွင့်ကို မြို့ပြနေပြည်သူတို့နှင့်အတူ အနာဂတ်မျိုးဆက်သစ် လူငယ်များ ရရှိခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။


မြို့ပြသန့်ရှင်းသာယာရေး ဝိုင်းဝန်းလက်တွဲ


ယနေ့ ရန်ကုန်မြို့ ပြကြီး အရောင်ဆိုးခံနေရသည်ကို အချိန်မီကုစားရန် လိုအပ်နေပြီဖြစ်သည်။ တစ်နေ့တာ ပိတ်ဆို့နေသော ယာဉ်များ၊ အချိန်နှင့် ငွေပေးဆပ်၍ သွားလာနေရသော ပြည်သူများအနေဖြင့် ရန်ကုန်မြို့ကြီး သန့်ရှင်း သာယာလှပရန် ဖော်ဆောင်နေသော စီမံချက်များနှင့် ပရဟိတလုပ်ငန်းစဉ်တို့တွင် ဝိုင်းဝန်း လက်တွဲလုပ်ဆောင်သင့်ပါသည်။ မိမိမြို့ပြသာယာ လှပခြင်းသည် မိမိ မိသားစုနှင့် မိမိပတ်ဝန်းကျင် သာယာလှပခြင်းဖြစ်သည့်အပြင် ရန်ကုန်မြို့ပြကြီး ခေတ်မီတိုးတက်လာခြင်းသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် မိမိတို့၏ မျိုးဆက်သစ်များကို အမွေခံကောင်းများ လက်ဆင့်ကမ်းနိုင်ရန် ယနေ့အချိန်မှစ၍ ရန်ကုန်မြို့ပြ ခေတ်မီသန့်ရှင်း သာယာလှပရန်နှင့် မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာဖွံ့ဖြိုး တိုးတက်ရန် ဝိုင်းဝန်းဖော်ဆောင် လက်တွဲကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ပါသည်။

မြန်မာ့အလင်း
 

xxdysdfas