ရန်ကုန်၊ ၁၈ အောက်တိုဘာ

ရန်ကုန်မြို့နေပြည်သူများ မီးရထားဖြင့်ခရီးသွားလာရာ၌ လွယ်ကူမြန်ဆန်စွာ သွားလာနိုင်ရန် မြန်မာ့မီးရထားမှ ရန်ကုန်မြို့ ပတ်လမ်းပိုင်းအား အရှေ့ခြမ်းနှင့်အနောက်ခြမ်း နှစ်ပိုင်းခွဲ၍ သံလမ်းကူးနေရာများကို အဆင့်မြှင့်တင်ခြင်း ဆောင်ရွက် လျှက်ရှိရာ  ရထားမြို့ပတ်လမ်းတစ်လျှောက်တွင် သံလမ်းကူး(၂၅)နေရာ၌  ရှစ်နေရာသာကျန်ရှိ၍ ၂၀၂၀-ခုနှစ်၊ မေလတွင် ပြီးစီးရန်လျာထား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

hshf

 

ရန်ကုန်မြို့ပတ်ရထားလမ်း သံလမ်းကူးနေရာများ အဆင့်မြှင့်တင်ရန် နေရာရှစ်နေရာတွင်တစ်ခု အပါအဝင်ဖြစ်သော တညင်းကုန်း ဘူတာရှိ သံလမ်းကူးနေရာကိုလည်း အောက်တိုဘာ ဒုတိယပတ်မှစတင်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ မြို့ပတ်ရထားလမ်းအရှေ့ ဘက်အခြမ်း(CP-102) အဆင့်မြှင့်တင်မှုကို နိုဝင်ဘာတတိယပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန်မှာကုမ္မဏီကို တာဝန်ပေးမှာဖြစ်တဲ့အတွက် အဆင့်မြှင့်လုပ်ငန်းကို စတင်ပါပြီ။ ယာဉ်တွေ သွားလာရေး အဆင်ပြေ အောင် ဆောင်ရွက်ပေးထားပါတယ်။ ကွန်တိန်နာယာဉ်တွေအတွက် လမ်းလွဲနေရာ အမှတ်အသားတွေ ဆောင်ရွက် ထားပြီး ပါပြီ။ ဘုရင့်နောင်နဲ့ ခရေပင်လမ်းခွဲ သံလမ်းကူးအဆင့်မြှင့်ဆောင်ရွက်ခဲ့သလို တညင်းကုန်ဘူတာ သံလမ်းကူးနေရာကို လည်း ဆောင်ရွက်သွားမှာပါ။ လုပ်ငန်းကိုတစ်လ သတ်မှတ်ထားပါတယ်ဟု ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်စီမံကိန်းမှ အငယ်တန်းအင်ဂျင်နီယာ ဦးသက်နိုင်အောင်က ပြောသည်။

ရွှေပြည်သာတံတားအဆင်းမှ ခရီးသွားယာဉ်များကို တညင်းကုန်းဘူတာ သံလမ်းကူးနေရာမှ ခရေပင်လမ်းစုံသို့ ဖြတ်သန်း သွားလာနိုင်ပြီး ကွန်တိန်နာယာဉ်များအတွက် (၁၄)လမ်းစုံမှ ပုလဲလမ်းအတိုင်း ဖြတ်သန်း၍ အမှတ်(၄)လမ်းဆုံသို့ မောင်းနှင် နိုင်ရန် လမ်းညွှန်သင်္ကေတများ စိုက်ထူထားပြီး ဖြစ်သည်။

ရန်ကုန်မြို့တွင် ယာဉ်သွားလာမှုများပြားလာ၍ ရထားသံလမ်းကူးနေရာများ၌ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခြင်းကြောင့် သံလမ်းကူးနေရာများတွင် ယာဉ်များလွယ်ကူမြန်ဆန်စွာ ဖြတ်သန်းသွားလာနိုင်ရန် ဂျပန်နိုင်ငံမှ နည်းပညာဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ နေရာ ၈ နေရာတွင် တညင်းကုန်းဘူတာ၊ သံလမ်းကူးနေရာအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ကုမ္မဏီမှတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

သံလမ်းကူးနေရာတွင် အောက်ခံမြေသားကိုတူး၍ အမာခံရရှိရန် အလွှာလိုက်ခင်း၍ဂျပန်နည်းပညာ စံညွှန်းအတိုင်း ကွန်ကရစ် လောင်းကာ အပေါ်လွှာ၌ ကတ္တရာလောင်း၍သတ်မှတ်ထားသောအရည်အသွေးအတိုင်း အဆင့်မြင့်တင်ခြင်းဖြစ်ရာ လုပ်ငန်းတိုင်းတွင် မြေပြင်စစ်ဆေးသောအဖွဲ့မှ အရည်အသွေးမီ ဆောင်ရွက်နိုင်ရန် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ပုရွက်ဆိတ်ကုန်းနဲ့ ပုဇွန်တောင်ဘူတာကြားမှာ သံလမ်းကူးအဆင့်မြှင့်တင်မှု ၈ ခုကျန်ပါတယ်။ တညင်းကုန်းဘူတာလည်း ပါပါတယ်။ ဂျပန်နည်းပညာစံနှုန်းအတိုင်း အလွှာလိုက် အမာခံရအောင် ဆာင်ရွက်ပြီးတော့ အပေါ်မှာကတ္တရာလောင်းပြီး သံလမ်းဖြတ်သန်းတဲ့အခါမှာ ယာဉ်တွေအဆင်ပြေအောင် ဆောင်ရွက်ရတာပါ။ ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုပြီးတဲ့ လမ်းပိုင်းတွေလည်း ဖွင့်လှစ်နေပါပြီ။ ရထားသံလမ်းနဲ့ တာပေါင်ပြင်တဲ့ လုပ်ငန်းပြီးသွားရင် အချက်ပြစနစ် လဲလှယ်တပ်ဆင်မှု နဲ့ ရထားတွဲဆိုင်းအသစ် ဆောင်ရွက်မယ့်လုပ်ငန်းတွေ အစီအစဉ်လိုက်ရှိပါတယ်ဟုမြန်မာမီးရထား၊ အမှတ်(၇)တိုင်း(ရန်ကုန်)မှ လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်က ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းသည် မိုင်(၂၉.၅)မိုင်ရှည်လျားပြီး ဘူတာပေါင်း(၃၈)ဘူတာရှိ၍ ရထား သံလမ်းကူးနေရာပေါင်း (၂၅)နေရာအား အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာ၌ တညင်းကုန်းဘူတာ အပါအဝင် နေရာရှစ်နေရာကျန်ရှိရာ တညင်းကုန်း ဘူတာသံလမ်းကူးအဆင့်မြှင့်တင်မှုကို နိုဝင်ဘာတတိယပတ်တွင် ပြီးစီးမည်ဖြစ်၍ မြို့ပတ်ရထားလမ်း အဆင့်မြှင့်စီမံကိန်းအား ၂၀၂၀-ခုနှစ်၊ မေလတွင် ပြီးစီးရန် လျာထားဆောင်ရွက်လျှက်ရှိကြောင်း သိရသ ည်။

သန်းထိုက်

ဓာတ်ပုံ - သန်းစိုး 

hsf