ရန်ကုန် ၂၃ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့ပတ်ရထားများ တိုးချဲ့ပြေးဆွဲပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်မြို့ပတ်ရထား အခေါက်ရေ ၂၈ ခေါက်အထိ တိုးချဲ့ပြေးဆွဲပေးခဲ့ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

 

ဧပြီလ ၂၀ ရက်မှစ၍ ရုံးများပြန်လည်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ရထားစီးခရီးသည်များ များပြားလာသဖြင့် ဧပြီလ ၂၂ ရက်နေ့တွင် ရန်ကုန်မှ လှော်ကားသို့ မနက်တစ်ခေါက်၊ ညနေတစ်ခေါက်နှင့် ရန်ကုန်မှ တိုးကြောင်ကလေးသို့ မနက်တစ်ခေါက်၊ ညနေတစ်ခေါက် ရထားများကို ထပ်မံတိုးချဲ့ပေးဆွဲပေးခဲ့ကြောင်း သိရသည်။

 

မြန်မာ့မီးရထားမှ ကိုဗစ် - ၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သော ဧပြီ  ၁၀ ရက်နေ့မှစ၍ ရန်ကုန်မြို့ပတ်ရထားများကို လှော်ကားလမ်းပိုင်း၊ မင်္ဂလာဒုံလမ်းပိုင်းနှင့် ရွာသာကြီး လမ်းပိုင်းများတွင် မနက်တစ်ခေါက်၊ ညနေတစ်ခေါက်သာ ရထားပြေးဆွဲခဲ့ပြီး လက်ဝဲရစ်မြို့ပတ်နှင့် လက်ယာရစ်မြို့ပတ် ရထားများကို မနက်တစ်ခေါက် နေ့လယ်တစ်ခေါက် ပြေးဆွဲပေးခဲ့သည်။

 

ဧပြီ ၂၂ ရက်တွင် ရန်ကုန်မြို့ပတ်ရထားစီး ခရီးသည် ၅၄၅၁ ဉီးရှိခဲ့ပြီး ရထားအချိန်စာရင်းများကို သက်ဆိုင်ရာ ဘူတာများတွင် ကြေညာပေးထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - မြန်မာ့မီးရထား