သန်းထိုက်
မြန်မာပြည်၏ အသည်းနှလုံးဟု တင်စားခေါ်ဝေါ်လျက်ရှိသည့် ရန်ကုန်မြို့သည် စက်မှုလုပ်ငန်းများနှင့် ရေနက် ဆိပ်ကမ်းများဖြင့် စီးပွားရေးအချက်အချာကျရာ မြို့ ပြကြီး တစ်ခုအဖြစ် တည်ရှိလျက်ရှိရာ လူဦးရေနေထိုင်မှု တိုးတက် မြင့်မားလာမှုကြောင့် ခရီးသွားလာရေး အဆင်ပြေချောမွေ့စေရန် နိုင်ငံတော်မှ ဖော်ဆောင်လျက်ရှိပြီး ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း စီမံဆောင်ရွက်လျက်ရှိသည်။ မြို့ပြနေပြည်သူတို့ ရန်ကုန်မြို့ပတ်ရထားဖြင့် မြန်ဆန်လွယ်ကူစွာ ခရီးသွားလာနိုင်ရန် မြန်မာ့မီးရထားမှ လမ်းပိုင်းများနှင့် ဘူတာများကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ၍ လုပ်ငန်းဆောင်ရွက်မှုပြီးစီးပါက တစ်ရက်လျှင် မြို့ပတ်ရထားစီးခရီးသွား သုံးသိန်းကို မြန်ဆန်စွာပို့ဆောင် နိုင်မည်ဖြစ်သည်။
အပိုင်းခွဲ၍ဆောင်ရွက်လျက်ရှိ
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းဟူ၍ လမ်းပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး အဆိုပါ အပိုင်းနှစ်ပိုင်းကို စီမံချက်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ အရှေ့ခြမ်းတွင် အပိုင်းနှစ်ပိုင်း၊ အနောက်ခြမ်းတွင် အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။ အနောက်ခြမ်းတွင် တညင်းကုန်းဘူတာမှ အင်းစိန်၊ အင်းစိန်ဘူတာမှ ကြည့်မြင်တိုင်၊ ကြည့်မြင်တိုင်မှ ဘုရားလမ်းဘူတာထိလည်းကောင်း၊ အရှေ့ခြမ်းတွင် တညင်းကုန်းမှ ပုရွက်ဆိတ်ကုန်းထိလည်းကောင်း၊ ပုရွက်ဆိတ်ကုန်းမှ ပုဇွန်တောင်ဘူတာထိလည်းကောင်း အပိုင်း နှစ်ပိုင်းဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
အတွင်းလမ်းပိုင်းနှင့် အပြင်လမ်းပိုင်း
ရထားလမ်းပိုင်းများနှင့် ဘူတာစင်္ကြံများ အဆင့်မြှင့်တင်မှု ဆောင်ရွက်ရာတွင် အနောက်ခြမ်းရှိ တညင်းကုန်း-အင်းစိန် ဘူတာလမ်းပိုင်း ဆောင်ရွက်မှု ပြီးစီးခဲ့ပြီး လက်ရှိတွင် အင်းစိန်- ကြည့်မြင်တိုင် ဘူတာကြား လမ်းပိုင်းနှင့် ဘူတာများ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကာ ပြီးစီးပါက ကြည့်မြင်တိုင်နှင့် ဘုရားလမ်းပိုင်းကို ဆက်လက်ဆောင်ရွက် မည်ဖြစ်သည်။ထိုမြို့ပတ်လမ်းပိုင်း နှစ်ခုတွင် အတွင်းလမ်းပိုင်း ပြင်ဆင်မှုပြီးစီးလျက်ရှိပြီး အပြင်လမ်းပိုင်းကို နှစ်လအတွင်း ပြီးစီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
အရှေ့ ခြမ်းအပိုင်း နှစ်ပိုင်းတွင် တညင်းကုန်း-ပုရွက် ဆိတ်ကုန်းဘူတာကြားလမ်းပိုင်းရှိ ဘူတာစင်္ကြံများကို အဆင့် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြီးစီးပါက ပုရွက်ဆိတ်ကုန်း-ပုဇွန်တောင်လမ်းပိုင်း အဆင့်မြှင့်တင်မှုကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့် မြှင့်တင်မှုကို အရှေ့ ခြမ်းတွင် ရွှေတောင်ကုမ္ပဏီနှင့် အနောက် ခြမ်းတွင် အေဝမ်းကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
စောင့်ဆိုင်းစေရမှု ကင်းဝေးစေရန်
မြို့ပတ်ရထားလမ်းပိုင်းနှင့် ဘူတာများအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေချိန်တွင် အင်းစိန်နှင့် ကြည့်မြင်တိုင်ဘူတာကြား ကို တစ်လမ်းမောင်းစနစ်ဖြင့် တစ်လမ်းကိုပိတ်၍ ဆောင်ရွက် လျက်ရှိပြီး တစ်ဖက်တစ်ချက်စီမှ ဖြတ်သန်းသောရထားများ တစ်စင်းပြီးမှတစ်စင်း ဖြတ်သန်းနိုင်ရန်နှင့် ရထားများ အချိန်ကြာ မြင့်စွာ စောင့်ဆိုင်းမှု မရှိစေရန်လှည်းတန်းဘူတာ၊ သီရိမြိုင်ဘူတာ နှင့် သမိုင်းမြို့သစ်ဘူတာတို့တွင် ရထားများ ၁၅ မိနစ်ခန့်သာ စောင့်ဆိုင်းရသည့်အတွက် မိနစ် ၃၀ ကြာ စောင့်ဆိုင်းရမှု ကင်းဝေးစေရေးကို စီမံဆောင်ရွက်လျက်ရှိသည်။
ကြန့်ကြာမှုမရှိစေရန်
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းများနှင့် ဘူတာများ အဆင့်မြှင့်တင်ခြင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းနှင့် ဘူတာများ အဆင့်မြှင့်တင်မှု ပြီးစီးရန် ရည်မှန်းလျာထားလုပ်ဆောင်လျက်ရှိသည်။ မြန်မာ့မီးရထား၊ မြို့ ပြဌာနအနေဖြင့် လမ်းပိုင်းများကို အဆင့်မြှင့်တင်လျက်ရှိပြီး ရုံးချိန်များတွင် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေလျက် ရထားပြေးဆွဲမှုကို အချိန်အနည်းငယ်အတွင်း ထွက်ခွာနိုင်ရန် အထူးသဖြင့် ရုံးချိန်ဖြစ်သော နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြို့ပတ်ရထားခရီးစဉ်များ ကြန့်ကြာမှုမရှိစေရန် စီမံဆောင်ရွက် လျက်ရှိသည်။
သတ်မှတ်ကာလအတွင်း ပြီးစီးရန်ဆောင်ရွက်လျက်ရှိ
ရန်ကုန်မြို့တစ်ပတ်တွင် ရန်ကုန်ဘူတာကြီးအပါအဝင် ၃၈ ဘူတာရှိပြီး အရှေ့ ခြမ်း၊ အနောက်ခြမ်းဟူ၍ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစတင်ချိန်မှ ယနေ့အထိ ၂၀ ရာခိုင်နှုန်းပြီးစီးလျက် ကျန်ရှိနေသော အပိုင်း နှစ်ပိုင်းကိုလည်း ၂၀၂၀ ပြည့်နှစ် သတ်မှတ်ကာလအတွင်း ပြီးစီးရန် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုပြီးစီးပါက ဂျပန်နိုင်ငံမှ DEMU တစ်ဆိုင်းလျှင် ခြောက်တွဲပါသော တွဲဆိုင်း ၁၁ ဆိုင်းဖြင့် ရထားတွဲဆိုင်းအသစ်များကို အစားထိုးပြေးဆွဲ မည်ဖြစ်ရာ မြို့ပတ်မီးရထားဝန်ထမ်းများကိုလည်း ခရီးသွား ပြည်သူတို့အား အရည်အသွေးမြင့်မားစွာ ဝန်ဆောင်မှုပေးနိုင်ရန် ဂျပန်နိုင်ငံတွင် ပို့ချသောသင်တန်းများသို့ စေလွှတ်၍ ထိုသင်တန်းဆင်းများက မြန်မာနိုင်ငံတွင် ဆင့်ပွားသင်တန်းများကို ပြန်လည်ပို့ချလျက်ရှိသည်။ ရန်ကုန်မြို့ပတ်ရထား ခရီးသွား ဝန်ဆောင်မှုအနေဖြင့် လမ်းပိုင်းဆိုင်ရာ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ နှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာတို့ကို အရည်အသွေးကောင်းမွန်ရန် ဟန်ချက်ညီစွာဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပိုမိုမြန်ဆန်သောဝန်ဆောင်မှုဖြင့်
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျသွားခြင်း မရှိသောကြောင့် ရုံးဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများ၊ အများပြည်သူတို့ ခရီးသွားလာရာတွင် မြို့ပတ်ရထားကို ပို၍ စီးနင်းလာလျက်ရှိပြီး လမ်းပိုင်းများ အဆင့်မြှင့်တင်မှုကာလတွင်လည်း စီးနင်းမှု အနည်းငယ်သာ ကျဆင်းသည့်အတွက် မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူအပေါင်းအား အထူးကျေးဇူးတင်လျက်ရှိကာ လမ်းပိုင်းများပြီးစီးပါက ပိုမိုမြန်ဆန် သောဝန်ဆောင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ဆက်လက် အားပေးစီးနင်းရန် ကြိုဆိုလျက်ရှိသည်။
ခရီးသွားသုံးသိန်း ပြေးဆွဲပေးနိုင်မည်
လက်ရှိတွင် တွဲဆိုင်း ၂၃ ဆိုင်း၊ ခေါက်ရေ ၂၃၉ ခေါက်ဖြင့် (ဆင်ခြေဖုံးဘူတာများအပါအဝင်) မြို့ပတ်ရထားကို ပြေးဆွဲ ပေးလျက်ရှိပြီး မြို့တစ်ပတ်လျှင် ၂ နာရီ မိနစ် ၅၀ ကြာမြင့်လျက် ရှိရာ လမ်းပိုင်း အဆင့်မြှင့်တင်ပြီးပါက တစ်နာရီ သက်သာသွား မည်ဖြစ်သည်။ ခရီးသွား ကိုးသောင်းကျော်မှ ယခုအခါ တစ်ရက်လျှင် ခရီးသွား ခြောက်သောင်းကျော်ကို ပြေးဆွဲပေးလျက်ရှိပြီး လမ်းပိုင်းအဆင့်မြှင့်တင်မှု ပြီးစီးပါက တစ်ရက်လျှင် ခရီးသွား သုံးသိန်းကို ပြေးဆွဲပေးနိုင်မည်ဟု မျှော်မှန်းထားလျက်ရှိသည်။
လူဦးရေနေထိုင်မှုသိပ်သည်းခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှုတို့ကြောင့် ခရီးသွားပြည်သူတို့ သွားလာရေး လျင်မြန်ချောမွေ့စေရန် ရထားပို့ဆောင်ရေးကဏ္ဍသည် ရန်ကုန်မြို့အတွက် အထူးကောင်းမွန်သော ခရီးသွားဝန်ဆောင်မှုတစ်ခု ဖြစ်သည့်အပြင် နိုင်ငံခြားခရီးသွားများ ရန်ကုန်မြို့တစ်ပတ် လေ့လာရာတွင်လည်း အဆင့်မြင့်ရထားများ စီးနင်းသောဝန်ဆောင်မှုမှ နိုင်ငံတော်အတွက် ဝင်ငွေကိုတိုးမြင့်ရရှိစေမည်ဖြစ်သည်။ ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းနှင့် ဘူတာရုံများ အဆင့်မြှင့်တင်ရာတွင် လိုအပ်ချက်များစွာရှိနေသော်လည်း အပြုသဘောဆောင်သော အကြံဉာဏ်နှင့် ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် မြန်မာ့မီးရထားမှ ဖိတ်ခေါ် ကြိုဆိုလျက်ရှိသည်။ လမ်းပိုင်းနှင့်ဘူတာများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးပါက ခရီးသွားပြည်သူအပေါင်း သုံးသိန်းခန့် ရန်ကုန်မြို့သို့ စိတ်အေးချမ်းသာ မြန်ဆန်စွာဖြင့် ခရီးသွားလာနိုင်မည်ဖြစ်ပါကြောင်း . . . . .
