ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်

နေပြည်တော် နိုဝင်ဘာ ၂၉

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာ့မီးရထား ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရန်ကုန်မြို့ပတ်ရထားခရီးစဉ်စတင်ပြေးဆွဲ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အခမ်းအနားသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့သည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများနှင့် စပိန်နိုင်ငံမှ ဝယ်ယူတင်သွင်း ထားသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များကို ရန်ကုန်မြို့ပတ်ရထားခရီးစဉ် စတင်ပြေးဆွဲခြင်း အခမ်းအနား ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသည့် ပြည်သူများနှင့် နိုင်ငံတစ်ဝန်း လုံးက ပြည်သူများအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ထူးထူးခြားခြား မှတ်တမ်းပြုရမည့် နေ့တစ်နေ့ဖြစ်ကြောင်း။

 

ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သယ်ယူပို့ဆောင်ရေး၏ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း၊ နိုင်ငံ၏ ပထမဦးဆုံးနှင့် ရှေးအကျဆုံး သယ်ယူပို့ဆောင်မှုစနစ်တစ်ခုဟု ဆိုရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရထား ပို့ဆောင်ရေးလုပ်ငန်း စတင်ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည်ကို လေ့လာကြည့်ပါ က ၁၈၇၇ ခုနှစ်၊ မေလ ၁ ရက်တွင် ရန်ကုန်-ပြည် ရထားလမ်းပိုင်း ၁၆၁ မိုင်ခရီးကို ယခင်က ကွမ်းခြံကုန်းဘူတာဟု အမည်တွင်ခဲ့သည့် ရန်ကုန်ဘူတာ ကြီးမှ စတင်ဖောက်လုပ်ပြေးဆွဲခဲ့သည်ကို တွေ့ရကြောင်း၊ ယနေ့ဆိုပါက နှစ်ပေါင်း (၁၄၇) နှစ်ကျော် လွန်ခဲ့ပြီဖြစ် ကြောင်း၊ ထိုကဲ့သို့ ရန်ကုန်-ပြည်ရထားလမ်းပိုင်း စတင်ပြေးဆွဲနိုင်ခဲ့ခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနိုင်ငံက ပထမဦးဆုံးဖြစ်ခဲ့ကြောင်း၊ အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်ထားသည့် နိုင်ငံဟုဆိုနိုင်ကြောင်း၊ လက်ရှိကာလတွင် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း ၃၈၀၀ ကျော် နှင့် ဘူတာရုံပေါင်း ၉၆၂ ခုအထိ တည်ဆောက်နိုင်ခဲ့ကြောင်း။

 

လိုရာခရီးကိုပို့ဆောင်ပေးနိုင်

အခြေခံလူတန်းစားပြည်သူအများစု နေ့စဉ်နှင့်အမျှ အဓိကအားကိုးအားထားပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်သည်ဟု သုံးသပ်ဖော်ထုတ် နိုင်ကြောင်း၊ စရိတ်စကသက်သာစွာနှင့် ခရီးသည်အများအပြားကို လိုရာခရီးကိုပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်စည် အမြောက်အမြားကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးသို့ ကုန်ကျစရိတ်ကျဉ်းကျဉ်းနှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ကြောင်း၊ ယင်းတို့သည် ရထားပို့ဆောင်ရေးလုပ်ငန်း၏ ထင်ရှားသည့် အဓိကအားသာချက်များပင် ဖြစ်ကြောင်း။

 

ရထားသည် မော်တော်ကားနှင့်နှိုင်းယှဉ်ပါက တူညီသည့်ကုန်စည်ပမာဏနှင့် ခရီးအကွာအဝေးအတွက် လောင်စာဆီကို လေးပုံတစ်ပုံမှခြောက်ပုံ တစ်ပုံအတွင်းသာသုံးစွဲကုန်ကျကြောင်း၊ လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကို များစွာလျော့ပါးသက်သာစေပြီး ယာဉ်ကြောကျပ်တည်းမှုပြဿနာကိုလည်း လျော့နည်းစေကြောင်း၊ ထိုကဲ့သို့အချက် များကြောင့် နိုင်ငံအသီးသီးတွင်လည်း ရထားလုပ်ငန်း ရေရှည်ရပ်တည်ရှင်သန်နိုင်ရေးနှင့် တိုးတက်ရေးကို အလေးထား လုပ်ဆောင်နေကြသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း အခြားနိုင်ငံများနည်းတူ ရထား သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ခေတ်မီတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး မိမိ ကိုယ်တိုင်လည်း တာဝန်ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီး ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ပေးလျက်ရှိကြောင်း။

 

တိကျစွာလိုက်နာဆောင်ရွက်

ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်ပြီး ချောမွေ့မှုရှိစေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိက အားထားပြီး နည်းပညာများတိုးတက်လာစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲ နိုင်ရေးကို မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ စက်ခေါင်းနှင့် တွဲများ တည်ဆောက်ရေးကို ပြည်တွင်း၌ပင် ထုတ်လုပ်တည်ဆောက်နိုင်ရေးနှင့် သုတေသနပြုနည်းပညာများမှတစ်ဆင့် တီထွင် ဆန်းသစ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း။

 

ထိုကဲ့သို့ ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၏ ရလဒ်အသီးအပွင့်တစ်ခုအဖြစ် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲခြင်းကို ယခုကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းပင်ဖြစ်ကြောင်း။

 

ပြည်သူလူထုကပူးပေါင်းပါဝင်ဆောင်ရွက်

မိမိတို့အစိုးရအနေဖြင့် ယခုကဲ့သို့ မီးရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသကဲ့သို့ မိဘပြည်သူများအနေဖြင့်လည်း စည်းကမ်းတကျ လိုက်နာစီးနင်းပြီး ရထားလမ်းပိုင်းများနှင့် ဘူတာများ သန့်ရှင်း သပ်ရပ်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မီးရထားလမ်းပန်းဆက်သွယ် ရေးလုံခြုံမှုပိုမိုကောင်းမွန်လာ စေရေးအတွက် ပြည်သူလူထုက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။

ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် ယနေ့စတင်ပြေးဆွဲသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြုပြေးဆွဲနိုင်စေရေးတို့အတွက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့်လည်း ရထားစီး ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးကို အဆင်ပြေစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးနှင့် ပြည်သူကို ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးပမ်းစွမ်းဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းဆောင်ရွက်ခြင်းနှင့် DEMU ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်မြို့ပတ်လမ်း ပိုင်းတွင် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာတွင် ယခုကဲ့သို့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းနှင့်အတူ DEMU ရထားတွဲဆိုင်းအသစ်များ ပြေးဆွဲပေးသည့်အတွက် ရန်ကုန်မြို့တွင် နေထိုင်ကြသည့် ခရီးသွား ပြည်သူများအနေဖြင့် သက်သောင့်သက်သာရှိစွာ၊ စိတ်လက်ချမ်းသာစွာဖြင့် အဆင့်မီမီလိုက်ပါစီးနင်းနိုင်တော့မည် ဖြစ်ပါကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုများဖြစ်ပေါ်လျက်ရှိသည့် မိမိတို့ရန်ကုန်မြို့ကြီးအတွက် မဖြစ်မနေအသုံးပြု သင့်သည့် များစွာအကျိုးရှိသည့် ပို့ဆောင်ရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါကြောင်း ပြောကြားသည်။

 

အထိမ်းအမှတ်လက်ဆောင်အားဂါရဝပြုပေးအပ်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ကောင်စီဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ပတ်ရထားလမ်း ပိုင်းတွင်ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ ခြင်း ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် လက်ဆောင် အား ဂါရဝပြုပေးအပ်သည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့ပတ် ခရီးစဉ်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များ ဖဲကြိုးဖြတ်ဖွင့်လှစ်မည့် နေရာသို့ရောက်ရှိကြရာ ကျောင်းသူလေးများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မီးရထားစက်ခေါင်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူ များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ရန်ကုန်မြို့ပတ်လက်ဝဲရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်း စတင်ထွက်ခွာရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရန်ကုန်မြို့ပတ် လက်ယာရစ်ခရီးစဉ်အဖြစ် ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များဖြင့် လိုက်ပါစီးနင်းပြီး ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အမှတ်တရလက်ဆောင်များပေးအပ်သည်။

 

လိုရာခရီးသို့စီးနင်းသွားလာနိုင်မည်

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများနှင့်အတူ စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့်ခေတ်မီ DEMU လေအေးစက်ပါ ရထားတွဲဆိုင်းအသစ်များအသုံးပြုပြီး မြို့ပတ်ရထားစီးခရီးသွားပြည်သူများကို ပိုမိုအဆင်ပြေ ကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက် ပေးနိုင်တော့မည်ဖြစ်ကြောင်း၊ အလိုအလျောက် မီးရောင်ပြောင်း အချက်ပြနှင့် ဆက်သွယ်ရေးစနစ်များတပ်ဆင်ပြီး ခေတ်မီရထားပြေးဆွဲမှုစနစ်ဖြစ်သည့်အတွက် ယခင်က ပြေးဆွဲမှု တစ်နာရီကီလိုမီတာ ၄၀ နှုန်းမှ ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ နေ့စဉ် RBE ရထားအစင်း၂၀ နှင့် DEMU ၁၅ စင်းအသုံးပြုပြီး အစားထိုးပြေးဆွဲပေး သွားမည်ဖြစ်သဖြင့် ခရီးသွားပြည်သူများ အနေဖြင့် မြို့ပတ်ရထားများကို ယခင်ကထက် ပိုမိုမြန်ဆန် အဆင်ပြေချောမွေ့စွာဖြင့် လိုရာခရီးသို့စီးနင်းသွားလာ နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမ၌ ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ရန်ကုန်မြို့ ပတ်ရထားလမ်းပိုင်းအား လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ လျှပ်စစ် ဓာတ်အားရရှိနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများနှင့် မြို့ပြအင်ဂျင်နီယာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ၊ လျှပ်စစ်ရထားတွဲဆိုင်း (Electric Multiple Unit) ရရှိရေး ဆောင်ရွက်ထားမှု အစီအစဉ်များ၊ RBE (Rail Bus Engine) များအား Battery Electric Multiple Unit (BEMU) အဖြစ် ပြောင်းလဲ တည်ဆောက်ရန် ဆောင်ရွက်ထားမှု၊ EMU စနစ်၊ BEMU စနစ်တို့ကို ပြောင်းလဲပြေးဆွဲနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ သုံးသပ်တင်ပြချက်များ၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ၊ မြို့ပြအင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများ၊ အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ လျှပ်စစ်ရထားတွဲဆိုင်း (Electric Multiple Unit) နှင့် လျှပ်စစ် စက်ခေါင်း (Electric Locomotive) ရရှိ ရေးဆောင်ရွက်ထားမှုအစီအစဉ်၊ ဒီဇယ်လျှပ်စစ် စက်ခေါင်းအား Battery Electric Locomotive အဖြစ် ပြောင်းလဲတည်ဆောက်ရန် ဆောင်ရွက်ထားမှု အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

 

ဘက်ထရီစနစ် BEMUအဖြစ်ပြောင်းလဲအသုံးပြုနိုင်

ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရထားလမ်းပိုင်းများတွင် လျှပ်စစ် ရထားပြေးဆွဲနိုင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဖြစ်မနေ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ရထားလမ်းတစ်လျှောက် ဓာတ်အားလိုင်းများတည်ဆောက်၍ လျှပ်စစ်ရထားကွန်ရက်စနစ် တည်ဆောက်ခြင်းနှင့် ဘက်ထရီဓာတ်အားပေးစနစ် သုံးတွဲဆိုင်းများနှင့် စက်ခေါင်းများကို အသုံးပြု၍ လျှပ်စစ်ရထားကွန်ရက် စနစ်တည်ဆောက်ခြင်းဟူ၍ နှစ်မျိုးတွေ့ရှိရကြောင်း၊ ဘက်ထရီဓာတ်အားပေး စနစ်သုံး လျှပ်စစ်ရထားကွန်ရက် တည်ဆောက်ရာတွင် မြို့ပတ်ရထားနှင့် ခရီးရထားများအတွက်ရှိပြီး RBE တွဲများကို ဘက်ထရီစနစ် BEMU အဖြစ်ပြောင်းလဲအသုံးပြုနိုင်ပြီး ခရီးဝေးရထားများအတွက်ရှိပြီး ဒီဇယ်လျှပ်စစ် စက်ခေါင်းအား ဘက်ထရီလျှပ်စစ်စက်ခေါင်း Battery Electric Locomotive (BEL) အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်ကို တွေ့ရကြောင်း၊ နည်းပညာတိုးတက်လာမှု၏ အကျိုးကျေးဇူးအရ လျှပ်စစ်ရထားကွန်ရက်စနစ်ကို လက်ရှိရထားစနစ် အတွင်း၌ပင် သက်သာထိုက်သင့်သည့် ငွေကြေးကုန်မှုနှင့် အချိန်တိုအတွင်း တည်ဆောက်နိုင်မည့် အလားအလာ ဖြစ်ကြောင်း၊ EMU စနစ်မှ BEMU စနစ် ပြောင်းလဲခြင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းအား BEL စက်ခေါင်းတွဲအဖြစ် ပြောင်းလဲတည်ဆောက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ဘက်ပေါင်းစုံမှ စနစ်တကျတွက်ချက် ဆောင်ရွက် သွားရန်လိုကြောင်း၊ ဒီဇယ်လျှပ်စစ် စက်ခေါင်းများသည် စက်မောင်းဆီကို အသုံးပြု၍ မောင်းနှင်ရခြင်းဖြစ် သဖြင့် စက်မောင်းဆီအတွက် ကုန်ကျစရိတ်များရှိကြောင်း၊ BEL စက်ခေါင်းတွဲများအဖြစ် ပြောင်းလဲ တည်ဆောက်အသုံးပြုပါက စက်သုံးဆီအတွက် ကုန်ကျမှုမရှိတော့ကြောင်း၊ ကုန်ကျစရိတ်နည်းပါးစွာ ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် အကျိုးရှိသည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ အဆိုပါ စက်ခေါင်း တွဲများသည် ဒီဇယ်လျှပ်စစ်သုံး စက်ခေါင်းများထက် ပိုမိုလျင်မြန်မြန်ဆန်လာမည်ဖြစ်သဖြင့် ဘေးအန္တရာယ် ကင်းရှင်းမှုကို ဦးစားပေးတွက်ချက် ဆောင်ရွက်သွားရန်လိုပြီး အချက်ပြနှင့် ဆက်သွယ်ရေးဆိုင်ရာများကိုလည်း စနစ်တကျ ဆောင်ရွက်သွား ရန်လိုကြောင်း၊ ရထားလမ်းပိုင်းလမ်းနယ်တစ် လျှောက် ခြံစည်းရိုးများ ကာရံခြင်း၊ ရေထွက် စနစ်များ ကောင်းမွန်စေရန်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊ ရထားတွဲများ အဆင့်မြှင့်တင်ခြင်း၊ သံလမ်းများ၊ မီးရထားလမ်း ကူးတံတားများ အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ မီးရထားဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။

 

နိုင်ငံတော်အနေဖြင့် ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ရေးနှင့် ပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေး လျှပ်စစ်ရထားများပြေးဆွဲနိုင်ရန် စဉ်ဆက်မပြတ်သုတေသနပြု ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က ခရီးတိုပြေးဆွဲ ခြင်းများတွင် RBE စက်ခေါင်းများကို အသုံးပြု၍ ခရီးရှည်ပြေးဆွဲခြင်းများတွင် ဒီဇယ်စက်ခေါင်းများကို အသုံးပြုခဲ့ကြောင်း၊ လျှပ်စစ်ရထားများပြေးဆွဲရာတွင် ရထားလမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန်အတွက် အချိန် များစွာပေးရ မည်ဖြစ်ကာ ကုန်ကျစရိတ်များလည်း များပြားမည်ဖြစ်ကြောင်း၊ ယခုအခါ တိုးတက်လာသည့် နည်းပညာများနှင့်အညီ ဘက်ထရီနည်းပညာ များသည်လည်း တိုးတက်လာပြီဖြစ်သဖြင့် BEMU စက်ခေါင်းများနှင့် BEL စက်ခေါင်းများကို ပြောင်းလဲ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုသို့ပြောင်းလဲသုံးစွဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချ နိုင်မည်ဖြစ်သကဲ့သို့ စွမ်းအင်များကိုလည်း ချွေတာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အတွက် များစွာ အကျိုးဖြစ်ထွန်းစေ နိုင်ကြောင်း၊ BEMU စက်ခေါင်းများနှင့် BEL စက်ခေါင်းများကို ပြောင်းလဲအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် မကြာမီကာလများအတွင်း၌ မိမိတို့နိုင်ငံတွင် အဆိုပါ စက်ခေါင်းများဖြင့် ရထားသယ်ယူ ပို့ဆောင်ရေးစနစ်ကို တွေ့မြင်ရနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်