ဇင်လင်းမြင့်
ရန်ကုန်မြို့ဟာ နိုင်ငံတကာအဆင့်မီမြို့ ကြီးတစ်မြို့အဖြစ် ရောက်ရှိအောင်ကြိုးစားနေတဲ့ အချိန်မှာ နေ့စဉ်သွားလာ လှုပ်ရှားနေကြတဲ့ ပြည်သူတွေအတွက် ပို့ဆောင်ရေးစနစ်ဟာလည်း အဓိကအရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်လာပါတယ်။ နေ့စဉ်သွားလာလှုပ်ရှားနေကြတဲ့ ရန်ကုန်ပြည်သူတွေအတွက် ရန်ကုန်မြို့ ပြလူထုရထားပို့ဆောင်ရေး စီမံကိန်းကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
“ဂျပန်အကူအညီနဲ့ ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစနစ်ဖွံ့ဖြိုးရေးကို စနစ်တကျဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက် နေပါတယ်” လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားထားပါတယ်။ ဂျပန်အကူအညီနဲ့ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းရေးဆွဲပြီး ဦးစားပေး အစီအစဉ်အလိုက် အကောင်အထည်ဖော်နေခြင်း ဖြစ်သလို ရန်ကုန်မြို့တော်ရဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးရေးကို စနစ်တကျ ဆောင်ရွက်ဖို့ ကြိုးစားနေခြင်း ဖြစ်ပါ တယ်။
လူဦးရေခြောက်သန်းနီးပါးရှိလာပြီ ဖြစ်တဲ့ ရန်ကုန်မြို့မှာ နေ့စဉ် ယာဉ်၊ ရထားတွေနဲ့ ခရီးသွားရာမှာ ရန်ကုန်မြို့ပတ်ရထားတွေနဲ့ ခရီးသွားသူတွေဟာ တစ်နေ့ကို ၈၀ဝ၀ဝ ခန့်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလိုစီးနင်းသွားလာနေတဲ့ မြို့ပတ်ရထားခရီးစဉ်တွေ အဆင်ပြေရန် ရထားတွဲဆိုင်းတွေ၊ ခေါင်းတွဲတွေ၊ သံလမ်းတွေ၊ အချက်ပြစနစ်တွေ အဆင့်မြှင့်တင် အဆင်ပြေဖို့ လိုအပ်ပါတယ်။
ဒါကြောင့်မို့လည်း ဂျပန်အကူအညီနဲ့ မြို့ပတ်ရထားသံလမ်းတွေ၊ ရထားဘူတာရုံတွေ၊ ရထားတွဲဆိုင်းတွေစတဲ့ ဝန်ဆောင်မှုတွေ ပေးဖို့စီစဉ်နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ လူဦးရေဟာ ၁၀ သန်းအထိ ရှိလာနိုင်တာ ဖြစ်တာမို့ ဒီလိုတိုးတက်လာမယ့် လူဦးရေနဲ့အတူ နေ့စဉ်သွားလာမှုတိုးပွားလာမယ့် ပြည်သူတွေအတွက် မြန်နှုန်းမြင့်ရထားစနစ်ကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
ခေတ်မီလူထုမြို့ပြရထားပို့ဆောင်ရေးစနစ် ကိုဖော်ဆောင်တဲ့အခါ ရန်ကုန်မြို့မှာ တောင်ပိုင်း- မြောက်ပိုင်း ရထားလမ်းပိုင်းစနစ်နဲ့ အရှေ့ပိုင်း- အနောက်ပိုင်း ရထားလမ်းပိုင်း စနစ်တွေကို ဖော်ဆောင်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ ဒီလိုဖော် ဆောင်တဲ့အခါ ဂျပန်နိုင်ငံ JICA အကူအညီနဲ့ ကနဦး လေ့လာဆန်းစစ်မှုတွေကို ၂၀၁၆ သြဂုတ်မှ ၂၀၁၇ သြဂုတ်အထိ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုအခါ အသေးစိတ်လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီလိုအသေးစိတ် လေ့လာစိစစ်မှုတွေ ပြုလုပ်နေတာ ဟာ ၂၀၁၉ ခုနှစ်စင်တင်ဘာမှာ ပြီးစီးမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်မှာ အပြီးသတ်အစီရင်ခံစာ ထွက်ရှိတော့မှာဖြစ်ပါတယ်။
အဲဒီအပြီးသတ်အစီရင်ခံစာ ထွက်ရှိပြီးတဲ့အခါ ရန်ကုန်မြို့ပြအတွက် ခေတ်မီလူထုမြို့ပြရထား ပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့ လုပ်ငန်းကော်မတီ၊ နည်းပညာပူးပေါင်းဆောင် ရွက်ရေးကော်မတီ၊ ကားလမ်းကူးများ၌ ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့ရေးကော်မတီ အသီးသီးဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့အတွင်း မြန်နှုန်းမြင့်ရထားစနစ် အကောင်အထည်ဖော်ရေး (၄)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ မတ် ၂၉ ရက်က ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြုလုပ်ခဲ့တဲ့အခါ ရန်ကုန်မြို့မှာ မြန်နှုန်းမြင့်ရထားပြေးဆွဲရေး ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုမြန်နှုန်းမြင့် ရထားစနစ်ကို ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသည့် ရထားလမ်းပိုင်း အသေးစိတ် လေ့လာမှုတွေကို ဆောင်ရွက်နေတယ်လို့ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီး ဦးကျော်မျိုးက ပြောကြားပါတယ်။
ရန်ကုန်မြို့ရဲ့ မြန်နှုန်းမြင့် ရထားလမ်းပိုင်း တွေကို တောင်ပိုင်း-မြောက်ပိုင်း ရထားလမ်းပိုင်းအဖြစ် ဘူတာကြီးမှ မင်္ဂလာဒုံလေဆိပ်အထိနဲ့ အရှေ့ပိုင်း - အနောက်ပိုင်း လမ်းပိုင်းအဖြစ် လှိုင်သာယာ တိုးကြောင်ကလေး လမ်းပိုင်းတွေကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းတွေကို မြန်မာနှုန်းမြင့် ရထားလမ်းပိုင်းတွေအဖြစ် အဆင့်မြှင့်တင်ပြီးပါက ဂျပန်နိုင်ငံက ရထားအစင်းရေ ၁၁ စင်းနဲ့ အစားထိုးပြေးဆွဲသွားမှာ ဖြစ်ပါတယ်။
ဒီလိုရထား လမ်းပိုင်းစနစ်နဲ့ ဂျပန်ရထား စင်းရေး ၁၁ စင်းတို့ကို ပြေးဆွဲနိုင်ခဲ့ရင်တော့ အရင်က ရန်ကုန်မြို့တစ်ပတ် ရထားမောင်းနှင်ချိန် ၂ နာရီ မိနစ် ၅၀ ကြာမြင့်တာကနေပြီး မြန်နှုန်းမြင့် ရထားစနစ်ကြောင့် ရထားပြေးဆွဲချိန်ဟာ ၁ နာရီ မိနစ် ၅၀ သာ ကြာတော့မှာဖြစ်လို့ ရထားစီးချိန်ဟာ ၁ နာရီ လျော့နည်းသက်သာသွားမှာ ဖြစ်ပါတယ်။ ရထားစီးသူတွေရဲ့ တန်ဖိုးရှိတဲ့အချိန်၊ အဲဒီအချိန်နဲ့အတူ ရရှိလာမယ့် လုပ်အားတွေဟာ မိသားစုတစ်စုအတွင်းရော အလုပ်အကိုင်တွေမှာသာမက လမ်း၊ ရပ်ကွက်တွေအတွက်မှ ရန်ကုန်မြို့ပြဖွံ့ဖြိုး တိုးတက်သာယာရေးအတွက်အထိပါ ကြီးမားတဲ့ အထောက်အကူပြုမှုတွေ ရရှိစေမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ပတ်ရထားစနစ် မြန်နှုန်းမြင့် ရထားစနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး သတ်မှတ်စံနှုန်းအတိုင်း ရထားပြေးဆွဲနိုင်ခဲ့ရင် တော့ မြို့ပတ်ရထားအပေါ် ပြည်သူတွေယုံကြည်မှု ပိုမိုတိုးတက်လာမှာ ဖြစ်တာမို့ လက်ရှိရထားစီး ပြည်သူဦးရေထက် ပိုမိုများပြားလာမှာဖြစ်တာမို့ ရထားဝင်ငွေလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ မြန်နှုန်းမြင့်ရထားလမ်းပိုင်းစနစ် နှစ်ခုကို အကောင်အထည်ဖော်ပြီး ရန်ကုန်မြို့ပတ် ရထားလမ်းတစ်ခုလုံး အဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ပြီးရင်တော့ ရထားပြေးဆွဲမှုဟာ တစ်နာရီ ပျမ်းမျှ ၃၄ မိုင်ခန့်နဲ့ ပြေးဆွဲနိုင်မှာဖြစ်တာမို့ ရထားစီးပြည်သူတွေအတွက် ယုံကြည်အားထားစီးနင်း သွားလာရမယ့်မြို့ပတ်ရထားခရီးစဉ်တွေ ဖြစ်လာ မှာအမှန်ပါပဲ။
မြန်မာ့အလင်း