ဆွေဦးဝေ
မရောက်တာကြာပြီဖြစ်တဲ့ အောက်ပုဇွန်တောင်လမ်းမတစ်လျှောက် ပလက်ဖောင်းပေါ် လမ်းလျှောက်နေမိပါတယ်။ လမ်းမဘေး ဝဲယာမှာ အထပ်မြင့်တိုက်အသစ်တွေ အစီအရီ ထွက်ပေါ်လာတာကို မြင်ကွင်းသစ်တစ်ခုလို တွေ့မြင် နေရပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ် အသီးသီးမှာ အထပ်မြင့်တိုက်အသစ်တွေ တဖြည်းဖြည်း များလာတာဟာ နေရာတိုင်း မှာ တစ်နေ့ မြင်ကွင်းတစ်မျိုးလို ဖြစ်နေပါတယ်။ အခုလည်း အောက်ပုဇွန်တောင်လမ်းမ ရဲ့ ညောင်တန်းမှတ်တိုင်အနီးမှာ အထပ်မြင့် တိုက်အဆောက်အအုံသစ်တစ်ခု တည်ဆောက်ပြီးစီးနေတာ တွေ့မြင်ရလို့ အသေအချာ လေ့လာကြည့်တဲ့အခါ ပြည်တော်သစ်အိမ်ရာ စီမံကိန်းဖြစ်နေပါတယ်။
ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက် အောက်ပုဇွန်တောင်လမ်းမ ကပ်လျက်နေရာမှာ အရင် ပြည်တော်သစ် အိမ်ရာဟောင်းလို သက်တမ်းကြာမြင့်လာတာမို့ အသစ်တည်ဆောက်မယ့် သတင်းတွေတော့ ကြားနေ ခဲ့ပါတယ်။ ဒီဘက်ကို မရောက်ဖြစ်ခဲ့တာမို့ အခုလို အထပ်မြင့်အိမ်ရာအဆောက်အအုံ တည်ဆောက်ပြီးစီးနေမှုကို မသိ ရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒီပြည်တော်သစ်အိမ်ရာဟာ လွန်ခဲ့တဲ့ ၁၉၅၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်လို့ နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိ နေပြီ ဖြစ်ပါတယ်။ ဒီလို သက်တမ်းရင့်ပြီး အန္တရာယ်ရှိလာတဲ့ အိုးအိမ်အဆောက်အအုံတွေကို ပြန်လည် တည်ဆောက် ရေးအတွက် စီမံကိန်းနဲ့ အကောင်အထည်ဖော်တဲ့အခါ အခုလို ပြည်တော်သစ်အိမ်ရာကို အထပ်မြင့် အဆောက်အအုံ အဖြစ် ပြန်လည်အဆင့်မြှင့် တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြည်တော်သစ်အိမ်ရာစီမံကိန်းဟာ မြေဧက ၄ ဒသမ ၃၄၈ ဧက ပေါ်မှာ အကောင်အထည်ဖော် တည်ဆောက် တာဖြစ်ပြီး လောလောဆယ် ပြည်တော်သစ်အိမ်ရာ အပိုင်း (၁) ကို စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အပိုင်း (၁) အနေနဲ့ အထပ် ၁၂ ထပ်ခွဲ အမြင့် ရှိတဲ့ အဆောက်အအုံ တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပါတယ်။
ပြည်တော်သစ်အိမ်ရာ အပိုင်း (၁) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာ ပိုင်ရိုက်မှု စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မေလမှာ အဆောက်အအုံပြီးစီးကာ အပ်နှံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်-၁၉ ကြောင့် လုပ်ငန်း ဆောင်ရွက်မှုတွေ နှောင့်နှေးခဲ့ရတာ ဖြစ်ပြီး အခုတော့ အဲဒီ အပိုင်း (၁) ဖြစ်တဲ့ ၁၂ ထပ်ခွဲ အမြင့် လူနေအဆောက်အအုံ တည်ဆောက် ပြီးစီးလို့ မကြာခင်မှာ လူနေထိုင်ခွင့် အပ်နှံ တော့မှာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းစရိတ်တွေ ပံ့ပိုးပေး
ယခင် ပြည်တော်သစ်အိမ်ရာမှာ နေထိုင် ခဲ့တဲ့သူတွေအတွက် ၁၄၂ ခန်းကို လွှဲပြောင်း ပေးအပ် နေထိုင်ခွင့်ပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီ မူလနေထိုင်ခဲ့တဲ့လူတွေကို ဒီလို အထပ် မြင့်တိုက်အဆောက်အအုံ တည်ဆောက်နေ ဆဲ ကာလတွေမှာ ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ စီမံကိန်းကာလ နှစ်နှစ်အတွင်းမှာ ယာယီ နေထိုင်ခွင့်နဲ့ ရွှေ့ပြောင်းစရိတ်တွေ ပံ့ပိုးပေး ခဲ့တာ ဖြစ်ပါတယ်။
အခု တည်ဆောက်ပြီးစီးသွားတဲ့ ၁၂ ထပ်ခွဲ အမြင့် အဆောက်အအုံမှာ တစ်လွှာကို ၁၈ ခန်း ပါဝင်ပြီး စုစုပေါင်း ၁၇၈ ခန်း ဖွဲ့စည်းတည် ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ ၁၂ ထပ်ခွဲအမြင့် အဆောက်အအုံဟာ အလျား ၁၉၈ ပေရှိပြီး အနံ ၁၇၂ ပေဖြစ်ကာ အမြင့်က ၁၅၅ ပေရှိ ကြောင်း သိရပါတယ်။ ဒီအထပ်မြင့်အဆောက် အအုံမှာ မူလပြည်တော်သစ်အိမ်ရာမှာ နေထိုင် ခဲ့သူတွေကို ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းမှာ အပြီးသတ် နေရာချထားပေးနိုင်ရေး ရည်ရွယ် ပြီး လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။
အခု တည်ဆောက်ပြီးစီးသွားတဲ့ ၁၂ ထပ်ခွဲ အမြင့် အဆောက်အအုံနဲ့ ကပ်ရက်မှာ အမြင့် ခြောက်ထပ်ရှိတဲ့ ကားပါကင်တစ်ခု၊ ဓာတ်လှေ ကားလေးစင်းလည်း တည်ဆောက်ပါဝင်ပါ တယ်။ အဲဒီ ခြောက်ထပ်ကားပါကင်ဟာ ကား အစီးရေ ၃၇၈ စီး ရပ်နားနိုင်အောင် စီစဉ်ဆောင် ရွက်ထားပါတယ်။
အစိုးရအိမ်ရာစီမံကိန်းတစ်ခု
ဆက်လက်ပြီးတော့ ဈေးဆိုင်ခန်းတွေ၊ ရုံးခန်းတွေ၊ ကားပါကင်ပါ အဆောက်အအုံ တွေ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ပြည်တော်သစ်အိမ်ရာစီမံကိန်းတစ်ခုလုံး ပြီးစီး သွားရင်တော့ ခေတ်သစ်ဒီဇိုင်းနဲ့ ပေါ်ထွက် လာမယ့် အစိုးရအိမ်ရာစီမံကိန်းတစ်ခုအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။
တကယ်တော့ အခုလို အစိုးရရဲ့ အိမ်ရာ စီမံကိန်းတွေကို အသစ်ပြန်လည်တည်ဆောက် ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် ထားတဲ့ Yangon Metropolition Develo- pment ကုမ္ပဏီရဲ့ ပထမဆုံးစီမံကိန်း ဖြစ်ပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက အကောင်အထည်ဖော်မယ်လို့ လွှတ်တော်ကို တင်ပြထားတဲ့ အစိုးရအိမ်ရာတွေကတော့ ဒဂုံ ဆိပ်ကမ်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ယခု တည်ဆောက်နေတဲ့ ပြည်တော်သစ် အိမ်ရာ၊ အင်းစိန်မြို့နယ်မှာရှိတဲ့ ကြို့ကုန်း အိမ်ရာ၊ ရန်ကင်းမြို့နယ်မှာရှိတဲ့ ရန်ကင်း အိမ်ရာနဲ့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ဝေဠုဝန် အိမ်ရာတို့ ဖြစ်ပါတယ်။
အဆင့်မြှင့်တင် တည်ဆောက်
အဲဒီအိမ်ရာတွေဟာ သက်တမ်းရင့်လာ တာမို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြန်လည်ပြီး အဆင့်မြှင့်တင် တည်ဆောက်ဖို့ ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ အဲဒီအိမ်ရာ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ အတွက် Yangon Metropolition Develo- pment ကုမ္ပဏီကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၅၁ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက အိမ်ရာစီမံကိန်း ခြောက်ခုကို အကောင်အထည်ဖော်မှာ ဖြစ်ပါ တယ်။
တကယ်တော့ ဒီပြည်တော်သစ်အိမ်ရာ စီမံကိန်းဟာ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာ (၂၀၄၀) မှာ ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှု ငွေကျပ် ဘီလီယံများစွာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီပြည်တော်သစ်အိမ်ရာစီမံကိန်း အားလုံးကို လာမယ့် ၂၀၂၂ ခုနှစ်မှာ ပြီးစီးမယ် လို့ မျှော်မှန်းထားပါတယ်။ အခုစီမံကိန်းရဲ့ အပိုင်း (၁) ဖြစ်တဲ့ ၁၂ ထပ်ခွဲအမြင့်ရှိတဲ့ အိမ်ရာ တိုက်ခန်းတွေ ပါရှိတဲ့ အဆောက်အအုံက ပြီးစီး နေတာ ဖြစ်ပါတယ်။
ပြန်လည်နေရာချထားပေးတော့မှာဖြစ်
စီမံကိန်း အပိုင်း (၁) မှာပါရှိတဲ့ ယခင် တိုက်အမှတ် (၁) ကို ၂၀၁၈ ခုနှစ် ဇွန်လမှာ စတင်ဖျက်သိမ်းခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တို ဘာ ၁၈ ရက်မှာ တင်ဒါခေါ်ယူခဲ့ရာမှာ MKT ကုမ္ပဏီက တင်ဒါအောင်ကာ ဆောက်လုပ်ခဲ့ တာ ဖြစ်ပါတယ်။ အခုဆိုရင် ဒီဇွန်လအတွင်း မှာ မူလနေထိုင်ခဲ့တဲ့ အိမ်ထောင်စု တိုက်ခန်း တွေကို ပြန်လည်နေရာချထားပေးတော့မှာ ဖြစ်ပါတယ်။
အခုဆိုရင် ပြည်တော်သစ်အိမ်ရာစီမံကိန်း ရဲ့ အပိုင်း (၁) ပြီးစီးသွားပြီဖြစ်လို့ တည်ဆောက် မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင် ရင် စီမံကိန်းတစ်ခုလုံး သတ်မှတ်ကာလမှာ ပြီးစီးတဲ့အခါ ရန်ကုန်မြို့မှာရှိတဲ့ သက်တမ်းရင့် အိမ်ရာတွေထဲမှာ ပထမဆုံးထွက်ပေါ်လာမယ့် အိမ်ရာစီမံကိန်းဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီလို ထွက်ပေါ်လာခဲ့ရင် ရန်ကုန်မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှု အထပ်မြင့်အဆောက်အအုံ တွေ၊ အဆောက်အဦတွေများစွာထဲ ခေတ်မီ လှပတဲ့ဒီဇိုင်းနဲ့အတူ ရန်ကုန်မြို့အလှကို ပိုမို တောက်ပအောင် ဖြည့်ဆည်းပေးနေဦးမှာ ဖြစ်ပါတယ်။ ။
မြန်မာ့အလင်း ယနေ့ရန်ကုန်


