မြန်မာနိုင်ငံသားတစ်ဦး

ကျွန်တော်ကတော့ မြန်မာပြည်သူ တစ်ဦးပါ။ US-ASEAN ၏ ပြောရေး ဆိုခွင့်ရှိသူ Mr. Jason Seymour နှင့် သံအမတ်ကြီးတို့ရဲ့ ပြောကြားချက် ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကိစ္စမှာ အမေရိကန်နိုင်ငံရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေက လမ်းကြောင်းလွဲနေပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပိုမို ဖြစ်ပွားအောင် လုပ်နေတယ်လို့ ခံစားရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ စာရေးသားပေးပို့ရခြင်း ဖြစ်ပါတယ်။ ယခုစာဟာ မိမိရဲ့ပုဂ္ဂိုလ်ရေးအမြင်သာ ဖြစ်ပါတယ်။ 

လက်ရှိနိုင်ငံတွင်းမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်နေ တာ NUG၊ PDF နဲ့ အကြမ်းဖက်အုပ်စု တွေသာဖြစ်ပြီး မြန်မာပြည်သူအားလုံး မဟုတ်ပါဘူး။ ပြည်သူအများစု လိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက မယိမ်းယိုင်အောင် ထိန်းကျောင်းပေးနေတာ မိမိတို့ပြည်သူအများစုက နားလည်ကြသလို လက်ရှိအချိန်မှာ ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုကိုသာ လိုလားနေတယ် ဆိုတာကိုလည်း သိစေလိုပါတယ်။

“ဘုံသဘောတူညီချက် ငါးရပ်ကို သိသာထင်ရှားတဲ့ တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ပျက်ကွက်ခဲ့လို့” ဆိုပြီးအကြောင်းရှာပြီး အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်မတက်ရဘူးဆိုပြီး ကန့်သတ်နေတာထက် လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး၊ စစ်ဆင်ရေးတွေနဲ့ တည်ငြိမ်အေးချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားနေတာကို အသိအမှတ်ပြုသင့်ပါတယ်။ ဒါဆို ဘာလို့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာလဲဆိုရင်တော့ ယခုလို အကြမ်းဖက်မှုတွေကို ထောက်ပံ့ အားပေးနေတဲ့သူတွေ ရှိနေလို့ပဲဖြစ်ပါ တယ်။ NUG၊ PDF အဖွဲ့တွေရဲ့ လုပ်ရပ်တွေက ဘယ်နိုင်ငံမှာမှ လက်မခံနိုင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဆိုတာ ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။ အဲဒီလို အကြမ်းဖက်လုပ်တဲ့အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံနေတာဟာ အကြမ်းဖက်ဝါဒကို အားပေးနေတာလို့ပဲ မြင်ပါတယ်။

နောက်တစ်ချက်က ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်တဲ့နေရာမှာလည်း လက်ရှိအစိုးရ အနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ပြီး တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နေတာ၊ အကြမ်းဖက်မှုကျူးလွန်သူ၊ လှုံ့ဆော်သူတွေကလွဲလို့ အခြားပြစ်မှု ကျူးလွန်ထားသူတွေကို ပြစ်ဒဏ်မှ လျှော့ချပေးတာ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ၊ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရယူရေးတို့မှာ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး သံအမတ်ကြီးတို့ တွေ့စေချင်တဲ့သူကို မတွေ့ရတာနဲ့ ဘာမှဖြစ်ပေါ်တိုးတက်မှု မရှိဘူးဆိုပြီး ပြောဆိုတာတွေကလည်း ကိုယ်လိုရာဆွဲပြောပြီး အနိုင်ကျင့်ဖိအား ပေးသလို ဖြစ်နေပါတယ်။

ဒါ့အပြင် ဘက်လိုက်ရေးတတ်တဲ့ မီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေ ကို ကြည့်ပြီး NUG၊ PDF တို့ကို ပြည်သူ တစ်ရပ်လုံးက ထောက်ခံနေတဲ့ပုံစံနဲ့ပုံဖော်ပြီး ထိတွေ့ဆက်ဆံပြတာ၊ နိုင်ငံတကာမှာ သူတို့ရဲ့ပုံရိပ်ကို မြှင့်တင်ပေးဖို့ ကြိုးစားနေတာတွေကလည်း အကြမ်းဖက်မှုလုပ်ဆောင်နေသူတွေကို ကာကွယ်ပေးသလိုဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပေါ်လာဖို့ မီးစာထိုးပေးသလို ဖြစ်နေတယ်ဆိုတာ ပြောချင်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာ NUG၊ PDF နဲ့ NLD အစွန်းရောက်တွေဟာ သူတို့ကိုမထောက်ခံလို့၊ သူတို့နဲ့ မပူးပေါင်းလို့ဆိုပြီး သာမန်အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တာ၊ ဗုံးခွဲတာ၊ မီးရှို့တာတွေကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၇၀၀၀ ကျော်ကျူးလွန် ခဲ့ပြီး လူပေါင်း ၃၀၀၀ နီးပါး သေဆုံးခဲ့ ရပါတယ်။ အဲဒီအရေအတွက်ဟာ သာမန်အရပ်သားပြည်သူတွေ သက်သက်သာ ဖြစ်ပါတယ်။

NUG နဲ့ PDF တွေကို ပြည်သူတစ်ရပ်လုံးက အမှန်တကယ် ထောက်ခံပါတယ်ဆိုရင် ဒီလိုအကြမ်းဖက်မှုတွေ၊ သေဆုံးမှုတွေ ရှိလာစရာအကြောင်းမရှိဘူးဆိုတာ အင်မတန်သိသာထင်ရှားပါတယ်။ သူတို့ကို မထောက်ခံတဲ့သူ၊ သူတို့နဲ့ အမြင်မတူတဲ့သူတွေ ရှိနေလို့သာ ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုမထောက်ခံတဲ့သူတွေရဲ့ အသံမထွက်ရဲအောင် ဥပဒေမဲ့အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ပြီး တစ်နိုင်ငံလုံးကို ဖျက်ဆီးဖို့ လုပ်နေကြတာဖြစ်ပါတယ်။

သံအမတ်ကြီးပြောခဲ့တဲ့ “မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေဟာ ပစ်မှတ်ထားသူတွေကိုသာ သက်ရောက်စေတာဖြစ်ပြီး မြန်မာပြည်သူတွေအပေါ် မလိုလားအပ်တဲ့ သက်ရောက်မှုတွေမဖြစ်စေဖို့ အလေး ထား ဆောင်ရွက်နေတယ်”ဆိုတာ တကယ်ကော မှန်ကန်မှုရှိပါရဲ့လား။ မြန်မာနိုင်ငံမှာလည်း ခေတ်အဆက်ဆက် ပိတ်ဆို့မှုတွေလုပ်ခဲ့လို့ အစိုးရပြုတ်ကျသွားတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အခုလည်း စစ်တပ်နဲ့ သူတို့ကို ပံ့ပိုးကူညီနေသူတွေကို ပစ်မှတ်ထား ပိတ်ဆို့တယ်လို့ ပြောနေပေမယ့် အမှန်တကယ်မှာတော့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေးကျပ်တည်းမှုကို အမှန်တကယ်ခံစားရတာ ငါတို့လို သာမန်ပြည်သူလူထုကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

သံအမတ်ကြီးက “မြန်မာနိုင်ငံထဲမှာ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ဦးဆောင်နေတာ Gen-Z လို့ခေါ်တဲ့ လူငယ် မျိုးဆက်တွေ”လို့ ပြောသွားသေးတယ်။ ဒီလိုသာဆို သံအမတ်ကြီးတို့နဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ NUG အပါအဝင် နိုင်ငံရေးလှုပ်ရှားမှုတွေကို အဓိက ကြိုးကိုင်နေတဲ့အထဲမှာ Gen-Z ဆိုတာ ဘယ်နှယောက်များရှိလို့လဲ။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကိုအဓိက ကြိုးကိုင်ခြယ်လှယ်နေတဲ့သူ တွေက ပြည်တွင်းမှာရှိတဲ့ Gen-Z လူငယ်တွေထက် နိုင်ငံခြားမှာရောက်နေတဲ့ နိုင်ငံရေးသမား လူလည်တွေနဲ့ နယ်စပ် ဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပါ။ Gen-Z လူငယ်တွေဆိုတာ အသုံးချခံသက်သက်ပါ။ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို တောထဲ၊ တောင်ထဲသွားပြီး အသက်တွေ၊ ဘဝတွေ ဆုံးရှုံးရအောင် ဝိုင်းဝန်းမြှောက်ပင့် အသုံးချနေတာတွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဝိုင်းဖျက်ဆီးနေကြတာနဲ့ အတူတူပဲလို့ ပြောချင်ပါတယ်။

အချုပ်ပြောရရင်တော့ မြန်မာနိုင်ငံမှာ အမှန်တကယ်ဒီမိုကရေစီရရှိစေချင်တယ်၊ မြန်မာပြည်သူလူထုတွေကို တည်ငြိမ်အေးချမ်းပြီး ဘေးကင်းလုံခြုံ တဲ့ဘဝတွေရရှိစေချင်တယ်ဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အရှိတရားတွေကို ဘက်လိုက်မှုကင်းစွာနဲ့ မြင်အောင် ကြည့်ပြီး အကြမ်းဖက်မှုတွေကို ဆက်လက်မဖြစ်ပေါ်အောင် စစ်မှန်တဲ့ စေတနာနဲ့သာ ရပ်တည်ပေးပါလို့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆို လိုက်ပါတယ်။ ။