ရန်ကုန် ၁၈ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအနေဖြင့် အငှားယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ရဲဘော်ဟောင်းမှတ်တိုင်အနီး၌ ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းသူ အသင်းအဖွဲ့များစုပေါင်း ပြုလုပ်ကြသည်။
Happy Taxi ယာဉ်မောင်းသူများအသင်း တည်ထောင်သူ ကိုချမ်းက “ဒီရပ်ကွက် အတွင်းလမ်းတွေမှာ ပိုးသတ်ဆေး ဖြန်းရင်းနဲ့ လမ်းပေါ်မှာသွားလာနေတဲ့ အငှားယာဉ်တွေကို ပိုးသတ်ဆေးဖြန်းပေးကြတာပါ။ Taxi ရယ်လို့ သီးခြားသတ်မှတ်ပြီး ဖြန်းပေးတာမဟုတ်ပါဘူး။ ဆေးဖြန်းချင်တဲ့ ကားအားလုံးကို ဖြန်းပေးတာပါ။ လမ်းပေါ်ဖြတ်သန်း သွားလာကြတဲ့ Taxi အများစုကတော့ ဝင်ရောက်ဆေးဖြန်းတာမျိုး ပြုလုပ်ကြပါတယ်။ ဆေးဖြန်းခံကြတဲ့ Taxi တွေကိုလည်း နံနက်စာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်”ဟု ပြောသည်။
ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အဆိုပါနေရာရှိ ကျိုက်ဝိုင်းဘုရားလမ်းမပေါ်တွင် ဖြတ်သန်းသွား လာသည့် အငှားယာဉ်များနှင့် ကိုယ်ပိုင်မော်တော်ယာဉ်အချို့အပါဝင် မော်တော်ယာဉ် အစီးရေ ၁၀၀၀ ခန့်အား ပိုးသတ်ဆေးဖြန်းပေးကြသည့်အပြင် မရမ်းကုန်းမြို့နယ် အခြေစိုက် မြတ်ကုသိုလ်လူမှုကူညီရေးအသင်းနှင့် ပူးပေါင်းကာ အဆိုပါမြို့နယ်ရှိ အမှတ်(၄) ရပ်ကွက်အတွင်း လမ်းများပေါ်၌ ပိုးသတ်ဆေး ဖြန်းခြင်းကိုလည်း ဆောင်ရွက်ကြသည်။
မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းက “အခုလို ဆောင်ရွက်မှုတွေက အင်မတန်ကောင်း ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးဟာ တစ်ဦးကောင်းနဲ့ မရပါဘူး။ အားလုံးမှာ တာဝန်ရှိသလို အားလုံးဝိုင်းဝန်းဆောင်ရွက်မှုနဲ့ ကာကွယ်ကြဖို့ လိုပါတယ်။ အခုအချိန်မှာ ယာဉ်မောင်းသူနဲ့ ယာဉ်စီးနင်းသူတွေ အပါအဝင် ပြည်သူအားလုံး အပြင်ထွက်တဲ့အခါမှာ နှာခေါင်းစည်းတပ်ဖို့ အထူးပဲအရေးကြီးပါတယ်”ဟု ပြောသည်။
မော်တော်ယာဉ်မောင်းနှင်သူများ၊ လိုက်ပါစီးနင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကင်းဝေးစေရန်နှင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ် နိုင်ရန် ရည်ရွယ်ကာ ထိုသို့ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ရန်ကုန်မြို့ လေဆိပ်၊ ရေဆိပ်နှင့် ရန်ကုန် ဘူတာကြီး တို့ရှိ Taxi ဂိတ်များအပါအဝင် လူစည်ကားရာနေရာများရှိ Taxi ဂိတ်များတွင်လည်း ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အလားတူ လူမှုရေးအသင်းအဖွဲ့များကလည်း ရန်ကုန်မြို့ရှိ ရပ်ကွက်များအတွင်းရှိ လမ်းများ၌ ပိုးသတ်ဆေးဖြန်းခြင်းနှင့် ထုံးဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး