နေပြည်တော် ၁၀ ဇူလိုင်
တပ်မတော် (ကြည်း၊ ရေ၊ လေ)က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့ Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန၊ ဌာနမှူး ဒေါက်တာဦးထွန်းမြင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗဟိုအမျိုးသမီးဆေးရုံကြီး အတွက် Coronavirus Disease 2019(COVID-19)ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးပစ္စည်းများနှင့် ဆေးရုံသုံး ပစ္စည်းများဖြစ်သည့် Surgical Masks ခုရေ ၂၀ဝ၀ဝ၊ N 95 Mask ၂၀ဝ ၊ Surgical Gown ၅၀ဝ ၊ Glove ၁၀ဝ၀၊ Sodium Hypo chloride ၃ ပုံး၊ Fetal Doppler ၊ CTG Machine (Fetal Monitor) (ကလေးနှလုံးခုန်နှုန်းနှင့် မိခင်သားအိမ် ညှစ်နှုန်းတိုင်းစက်)၊ Portable Ultrasound၊ Portable X-Ray တို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူသည်။
ဆက်လက်၍ ဆေးရုံတက်လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်ဥအလုံး ၁၃၀ဝ ၊ ဒိန်ချဉ်ဘူး ၁၃၀ဝ ၊ ရွှေဖီဦး အထုပ်ကြီး ၄၄ ထုပ်နှင့် နန်းမြိုင်ကော်ဖီထုပ်ကြီး ၄၄ ထုပ်တို့ကို စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးဇော်သိန်းက ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်မေသွင်က လက်ခံရယူ၍ ကျေဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမ၌ COVID-19 ရောဂါဖြစ်ပွားမှုကာလအတွင်း မြန်မာနိုင်ငံသတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာ လက်ဝှေ့အဖွဲ့တို့ အတွက် စားသောက်ရေး အဆင်ပြေစေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများကဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာအမယ်လေးမျိုး ပေးအပ်လှူဒါန်းခြင်း ကို ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ရိက္ခာအမယ် လေးမျိုးကို ပေးအပ်လှူဒါန်းသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်း၊ မြန်မာနိုင်ငံ ပန်းချီပညာရှင်များအဖွဲ့ (Win Foundation) ဥက္ကဋ္ဌ ဦးလှတင်ထွန်း၊ မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်း၊ မြန်မာနိုင်ငံ ဆိုင်းပညာရှင်များအဖွဲ့ အတွင်းရေးမှူး မွန်ပြည်နယ်ကိုကိုနိုင်၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးလေး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့နှင့် နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများပေးအပ်လှူဒါန်းသည့် ဆန်အိတ် ၅၀ဝ ၊ ဆီပိဿာ ၁၀ဝ၀ ၊ ပဲပိဿာ ၁၀ဝ၀ နှင့် ဆားပိဿာ ၁၀ဝ၀ တို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသတင်း မီဒီယာ များ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့တို့ကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က လက်ခံရယူသည်။
ယင်းနောက် အစည်းအရုံးများကိုယ်စား မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


