ရန်ကုန်   ၆   ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ်ကြားရှိ ဗိုလ်အောင်ကျော်လမ်းအား ဒီဇင်ဘာ ၂၀ ရက်တွင် ရှေးဟောင်းအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားတပ်ဆင်ရန် စီစဉ်ထားကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

 

“ဗိုလ်အောင်ကျော်လမ်းဆိုတာကလည်း သမိုင်းမှာထင်ရှားတဲ့အဖြစ် အပျက်တွေရှိခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေကို တော်တော်များများက သိပ်ပြီးမသိကြဘူး။ ဒါတွေနဲ့ပတ်သက်ပြီး ပိုပြီးတော့ လူသိများလာစေချင်တဲ့ သဘောနဲ့ ပုံမှန်တပ်ဆင်နေတာ။ အဆောက်အအုံတွေကို အဓိကထား တပ်ဆင်ပါတယ်။ ဒါပေမယ့် လမ်းတစ်ခုအနေနဲ့ ဗိုလ်အောင်ကျော်လမ်းကို ပထမဆုံးတပ်ဆင်တာပါ” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ စီမံကိန်းအရာရှိ ဦးသူရိန်အောင်က ပြောသည်။

 

ဗိုလ်အောင်ကျော်သည် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသားတစ်ဦးဖြစ်ပြီး ၁၃၀ဝ ပြည့်အရေးတော်ပုံ သပိတ်ဖြစ်ပွားသည့် အချိန်တွင် ရန်ကုန်တက္ကသိုလ် ဂျပ်ဆင်ကောလိပ် စသည့်ကျောင်းများမှ ကျောင်းသားများက ဝန်ကြီးများရုံးဟောင်း (ယခင်အတွင်းဝန်ရုံး)ကို လှည့်ပတ်၍ ဆန္ဒပြကြရာ မြင်းစီးပုလိပ်များက နံပါတ်တုတ်များဖြင့် ဝင်ရောက်ရိုက်နှက်သဖြင့် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရခြင်းဖြစ်ပြီး ၎င်းကျဆုံးချိန်တွင် အသက် ၂၃ နှစ်သာရှိကြောင်း သိရသည်။

 

“ဝင်ရိုက်တဲ့အခါမှာ ကျောင်းသားတော်တော်များများ အရိုက်ခံရတယ်။ အဲဒီအထဲကမှ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်က ဆန္ဒပြတဲ့နေ့ (၁၉၃၈) ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အရိုက်ခံရတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှု ခံယူနေရင်း ၂၂ ရက်နေ့မှာ ကျဆုံးသွားတယ်။ ပထမဆုံးကျဆုံးခဲ့တဲ့ ကျောင်းသားတစ်ဦးလို့ ပြောလို့ရတယ်” ဟု ဦးသူရိန်အောင်က ပြောသည်။

 

ဗိုလ်အောင်ကျော်ရုပ်တုကို ရန်ကုန်တက္ကသိုလ်ရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံရှေ့တွင် ထားရှိရာ ဂျပန်ခေတ်တွင် ပျက်စီးခဲ့ပြီး အုတ်တိုင်သာ ကျန်ရှိကြောင်း သိရသည်။ ဗိုလ်အောင်ကျော်လမ်းကို ဒီဇင်ဘာ ၂၀ ရက်တွင် တပ်ဆင်ရခြင်းမှာ သမိုင်းအဖြစ်အပျက်နှင့် ကိုက်ညီခြင်း၊ ဗိုလ်အောင်ကျော်နေ့ဟု သတ်မှတ်ထားခြင်း စသည့် အကြောင်းအရာများကြောင့် ဒီဇင်ဘာ ၂၀ ရက်တွင် တပ်ဆင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အဆိုပါနေ့တွင် အထက(၁)ဗိုလ်တထောင် ကျောင်းကိုလည်း အပြာရောင်ကမ္ပည်းပြား တပ်ဆင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇာနည်မောင်၊ အေးမင်းသူ