ရန်ကုန် ၁၄ ဇွန်

ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ ``ပြည်သူအားလုံးအတွက် ပိုမိုစိမ်းလန်းသော မြို့အားဖော်ဆောင်ခြင်း ´´သုတေသနစာတမ်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ နည်းပညာတက္ကသိုလ်ရှိ Assembly Hall ၌ကျင်းပသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက အဖွင့် အမှာစကားပြောကြားပြီး Another Development (AD) မှ အမှုဆောင်ဒါရိုက်တာ နော်ကယ်ရယ်မို့မို့အေးက အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှုဆောင်ဒါရိုက်တာ နော်ကယ်ရယ်မို့မို့အေး နှင့် သုတေသီ ကိုရေချမ်းတို့က ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ ``ပြည်သူအားလုံးအတွက် ပိုမို စိမ်းလန်းသောမြို့အားဖော်ဆောင်ခြင်း ´´သုတေသနစာတမ်း အကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကိုပြန်လည် ဖြေကြားသည်။

 

mdn

 

ယင်းနောက် ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ ``ပြည်သူအားလုံးအတွက် ပိုမိုစိမ်းလန်းသော မြို့အားဖော်ဆောင်ခြင်း ´´ ခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲကိုပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် Another Development (AD) မှ မဟာဗျူဟာ ဆက်သွယ်ရေး အကြံပေး ဦးမော်ထွန်းအောင်က ဆောင်ရွက်ကာ ရန်ကုန်နည်း ပညာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာဆွေဆွေအေး၊ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်၊ ``ဒို့အိမ်´´ အဖွဲ့မှ ဗိသုကာ ပညာရှင် ဒေါ်ချိုချိုရွှေ တို့က ရန်ကုန်မြို့၏လက်ရှိ မြို့ပြအခြေ အနေများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး တို့အပေါ်ခြုံငုံ သုံးသပ်ဆွေးနွေးပြီး တက်ရောက် လာကြသူများ၏ မေးမြန်မှုများကို ပြန်လည် ဖြေကြားကြသည်။

ရန်ကုန်မြို့တွင် စိမ်းလန်း ဧရိယာများ ပေါ်ပေါက်လာရန်နှင့် အဓိကထားသည့် လက်ရှိစီမံချက်မှတစ်ဆင့် ရန်ကုန်မြို့တွင်နေထိုင်သူများ၏ နေထိုင်မှု အဆင့်အတန်း တိုးတက်လာစေရန် ရေရှည်သဘောဆောင်ပြီး နေထိုင်သူ အားလုံးအတွက် ထည့်သွင်းစဉ်းစားကာ စီမံရေးဆွဲသည့် မြို့ပြစီမံခန့်ခွဲရေး အလေ့အထများ ရှင်သန်အား ကောင်းလာစေရန်၊ ရန်ကုန်ဧရိယာအတွင်းမှ စိမ်းလန်းဧရိယာများနှင့် သက်ဆိုင်သည့် အခက်အခဲများကို နားလည်နိုင်ရန်၊ အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများ ဖော်ထုတ်နိုင်ရန် တို့အတွက် ရည်ရွယ်၍ အဆိုပါ သုတေသန စာတမ်းကို Another Development (AD) က ပြုစုခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက`` ဒီစာတမ်းလေးကိုဖတ် ကြည့်ပြီးတော့ ကိုယ့်ရဲ့မြို့တော် သာယာလှပဖို့၊ စိမ်းလန်းစိုပြေဖို့ အချက်အလက်လေး တွေရလာတယ်။ ဒီမြို့တော်ကြီးမှာ စိမ်းလန်းတဲ့နေရာတွေရှိခြင်းအားဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ဒီမိုကရေစီရေး အတွက် ပါအရေးကြီးတယ်ဆိုတာကို ဒီမှာဖော်ပြထားတာ တွေ့ရတယ်။ ရန်ကုန်မြို့ကြီးဟာ အာရှနိုင်ငံတွေရဲ့မြို့ကြီးတွေထဲမှာ စိမ်းလန်း ဧရိယာ အနည်းဆုံးဖြစ်နေတာကိုသိရတဲ့အတွက် ကျွန်မတို့ အချိန်မီ ထိန်းသိမ်းဖို့လိုအပ်ပါတယ်´´  ဟုပြောသည်။

အဆိုပါ သုတေသန စာတမ်းကို ၂၀၁၈ ခုနှစ် ဇွန်လတွင်စတင် ပြုစုခဲ့ကြောင်း၊ စာတမ်းတွင် ရန်ကုန်မြို့ရှိ စိမ်းလန်းဧရိယာများ၏ အကျိုးပြုမှုများ၊ အများပြည်သူ ဆိုင်ရာပန်းခြံများပြန့်နှံ့တည်ရှိမှုနှင့် ဝင်ရောက်လည်ပတ်မှုများ၊ ပန်းခြံများနှင့် လက်ရှိဆောင်ရွက်နေမှုများ၊ ပန်းခြံများ အတွက် တိုက်တွန်းလှုံ့ဆော်ခြင်းနှင့် မဟာဗျူဟာ ကျလှုပ်ရှားမှုများ၊ အကြံပြုချက်များ ပါဝင်ကြောင်း၊ ယင်းစာတမ်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း အမှုဆောင်ဒါရိုက်တာ နော်ကယ်ရယ်မို့မို့အေးက ဆိုသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်