နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်မြို့ရှိ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတား စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး      

                           

နေပြည်တော်၊ အောက်တိုဘာ ၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်းသို့ သွားရောက်၍ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှု အခြေအနေများနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

 

ဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဋ္ဌေးက နက္ခတ်တာရာပြခန်း သမိုင်းကြောင်းနှင့် ပြခန်းဆိုင်ရာ အချက်အလက်များ၊ နက္ခတ်တာရာပြခန်းအား အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှု အခြေအနေများကိုရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နက္ခတ်တာရာပြခန်းအတွင်းရှိ ပြကွက်အလိုက် ပြသထားရှိမှုများနှင့် ကြယ်နက္ခတ်တာရာများကို လေ့လာခြင်းပြကွက်တို့ကို ကြည့်ရှုကြသည်။

 

အဆိုပါ နက္ခတ်တာရာပြခန်းအား ဂျပန်မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားလူငယ်များနှင့် ပြည်သူများ၊ နက္ခတ်တာရာသိပ္ပံဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရေး၊ ပညာပေးရေးနှင့် အပန်းဖြေပျော်ရွှင်စေရေး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နက္ခတ်တာရာပြခန်းအား အဆင့်မြှင့်တင်မှုများပြုလုပ်၍ အာကာသပြခန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ်ဖောက်လုပ်လျက်ရှိသည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းသို့ ရောက်ရှိကြရာ အစည်းအဝေးခန်းမတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က တံတားတည်ဆောက်ရေးစီမံကိန်း ဖြစ်ပေါ်လာပုံနှင့် တံတားဆိုင်ရာ အချက်အလက်များ၊ စီမံကိန်း၏ အကျိုးကျေးဇူးများ၊ ၂၀၂၃ ခုနှစ်၊ မေလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားလုပ်ငန်းပြီးစီးမှု၊ ပင်မတံတားလုပ်ငန်းပြီးစီးမှု၊ တံတား၏ အဓိကကျသည့် ရေလယ်တာဝါတိုင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ရန်ကုန်ဘက်ကမ်း ချဉ်းကပ်တံတားလုပ်ငန်း ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းအပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာ၌အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်းများ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရေး စီမံကိန်းသည် ပြည်သူများအတွက် အကျိုးပြုသည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် တံတားတည်ဆောက်မှု လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အပိုင်းအလိုက်ပြီးစီးစေရေးနှင့် တံတားကြံ့ခိုင်မှုကောင်းမွန်စေရေး စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တံတားတွဲဆက်ခြင်းလုပ်ငန်းများ စနစ်တကျဖြစ်ရန်လိုကြောင်း၊ သင်္ဘောများ၏ ရေလမ်းကင်းလွတ်မှုကိုလည်း စနစ်တကျဆောင်ရွက်သွားရန်နှင့် ရေလယ်တာဝါတိုင်များ အန္တရာယ်ကင်းရှင်းရေးအတွက်လည်း ကြိုတင်စဉ်းစား ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အင်ဂျင်နီယာများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏  ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

 

အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားတည်ဆောက်ရေး စီမံကိန်း ကို ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း  မြန်မာနိုင်ငံတွင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး တံတားစီမံကိန်း တစ်ခုအကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်းတံတား (Cable – Stayed Bridge) အမျိုးအစားဖြစ်ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၊ ဒေးဒရဲတံတားမှတဆင့် ကမ်းခြေဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်မှု အပါအဝင် ကဏ္ဍပေါင်းစုံ၌ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ရန်ကုန်မြို့၏ အထင်ကရပြယုဂ် (Landmark) တစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်