၁၁ ဒီဇင်ဘာ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ အများပြည်သူ အပန်းဖြေ အနားယူသည့် ပန်းခြံများတွင် စားသောက်ဆိုင်များ စနစ်တကျဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ပန်းခြံများနှင့် ကျွန်းပတ်အဝိုင်းများကို ပြုပြင်ခဲ့သည့်အတွက် ယခင်ကထက် သေသပ်လှပလာကြောင်း ၎င်းက ပြောသည်။
"ပန်းခြံတွေဆို အရင်ကနဲ့ မတူတော့ဘူး၊ တော်တော်ကို သားသားနားနားလေး ဖြစ်လာတယ်၊ ပြီးလို့ရှိရင် အဲဒီထဲမှာ စားစရာအတွက် စနစ်တကျဖြစ်တဲ့ ဆိုင်ခန်းတွေပါ စနစ်တကျဆိုတာ တကယ့်ကို နာမည်ကြီး ဈေးသက်သာတယ်ဆိုတဲ့ သပ်သပ်ရပ်ရပ်စားနိုင်တဲ့ ဆိုင်တွေပါတွဲပြီးတော့ လုပ်ပေးပါ့မယ်၊ ဒါလည်း ပန်းခြံလာပြီး ဘာမှစားစရာမရှိ ဘာမှသောက်စရာမရှိ၊ ပြီးတဲ့အခါကျ လမ်းဘေးဈေးသည် မသန့်မရှင်းနဲ့ စားတဲ့ အခြေအနေမျိုးတွေလည်း မဖြစ်လာအောင် အဆင့်တန်းမြင့်မြင့်နဲ့ လုပ်ဖို့အတွက်ကိုလည်း ရည်ရွယ်ထားပါတယ်"ဟု ဦးမောင်မောင်စိုးက ပြောသည်။
ထိုသို့ ပန်းခြံများတွင် စားသောက်ဆိုင်များ ဖွင့်လှစ်ရန် လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် စီမံချက် ရေးဆွဲပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စားသောက်ဆိုင်ခန်းများကို အများပြည်သူ အပန်းဖြေ အနားယူသည့် နေရာများတွင် မဟုတ်ဘဲ သီးသန့် စနစ်တကျ ဖော်ဆောင်သွားမည်ဖြစ်ပြီး ယင်းကိစ္စကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြုပြီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် စိတ်ပါဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူကာ တင်ဒါစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ နယ်နိမိတ်အတွင်း အများပြည်သူ အပန်းဖြေ အနားယူနိုင်သည့် ပန်းခြံပေါင်း ၆၁ ခြံ ရှိပြီး အရှေ့ပိုင်းခရိုင်တွင် ၁၅ ခြံ၊ အနောက်ပိုင်းခရိုင်တွင် ၁၉ ခြံ၊ တောင်ပိုင်းခရိုင်တွင် ၁၄ ခြံနှင့် မြောက်ပိုင်းခရိုင်တွင် ၁၃ ခြံ ရှိကြောင်း သိရသည်။
Nyein Nyein