ရန်ကုန် ၂၆ ဒီဇင်ဘာ

 

ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေး ကော်မတီတို့ ပူးပေါင်း၍ ကရင်နှစ် (၂၇၅၉)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ မိနစ် ၄၀ တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌  ကျင်းပသည်။

 

အခမ်းအနားသို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၏ ဇနီးဒေါက်တာရွှေလွမ်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး နန့်ကြင်ကြည်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဂုဏ်ထူးဆောင်နာယက ပဒို ဒေါက်တာ စောထွန်းအောင်မြင့်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကရင်အမျိုးသားအလံကို လွှင့်ထူပြီး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရခိုင်တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဦးဇော်အေးမောင်၊ ပဒို ဒေါက်တာ စောထွန်းအောင်မြင့်တို့က မင်္ဂလာစည်ကို တီးခတ်ကြသည်။

 

ယင်းနောက် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကရင်အမျိုးသားအလံအား အလေးပြုခြင်းများ ဆောင်ရွက်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ဆက်လက်၍ နံနက် ၇ နာရီတွင် အမျိုးသားလွတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများသည် သံဃာတော် အရှင်သူမြတ်များအား သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အာရုဏ်ဆွမ်းဆက်ကပ်သည်။

 

ထို့နောက် ကရင်လူမျိုးသက်ကြီးဘိုးဘွား (၁၀၀)တို့အား ပူဇော်ကန်တော့ကြသည်။

 

ယင်းနောက် ကရင်ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ကရင်နှစ်သစ်ကူး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)