ရန်ကုန် ၅ အောက်တိုဘာ
ရန်ကုန်မြို့ရှိ Quarantine စင်တာများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် Semi Lock down သတ်မှတ်ထားသည့် နေရာများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များအား ပတ်ဝန်းကျင်ရှိပြည်သူများ ရောဂါကူးစက်မှုမရှိစေရန်အတွက် စနစ်တကျ သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
“ဆေးရုံ၊ ဆေးခန်းက စွန့်ပစ်တဲ့အမှိုက်တွေကို ဧပြီလကစပြီး သိမ်းဆည်းတယ်။ ဝန်ထမ်းတွေကိုလည်း သီးခြားထားရှိပြီး အမှိုက်တွေ သိမ်းဆည်းစေပါတယ်။ ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ပေါင်းပြီး သူတို့ကို ဆေးစစ်တာတွေ လုပ်ပေးပါတယ်။ နောက်ပြီး သီးခြားနေထိုင်စေပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေကို တိတိကျကျလိုက်နာဖို့ နေ့စဉ်လမ်းညွန်မှာကြားပါတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ညွန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်မော်က ပြောသည်။
ယခင်က Quarantine စင်တာများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် Semi Lock down သတ်မှတ်ထားသည့် နေရာများမှ ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များကို ယာဉ် ၆ စီး ဝန်ထမ်းအင်အား ၃၀ ဖြင့် နေ့စဉ်သိမ်းဆည်းပေးခဲ့ရာမှ ဩဂုတ်လမှ စတင်ကာ နေ့စဉ်ထွက်ရှိလာသည့် စွန့်ပစ်အမှိုက်များမှာ ယခင်ထက်သုံးဆပိုများလာသဖြင့် ယာဉ် ၁၅ စီး ဝန်ထမ်း အင်အား ၉၀ တိုးချဲ့ကာ အမှိုက်များကို သိမ်းဆည်းမီးရှို့ဖျက်ဆီးပေးလျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့သည့်သူများအား မီးသဂြိုလ်ရန်အတွက် ယာဉ်နှစ်စီး ဝန်ထမ်း ၅ ဦးဖြင့် ဆောင်ရွက်ပေးခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါကြောင့် လူသေဆုံးမှု များပြားလာသည့်အတွက် ယာဉ်သုံးစီး ဝန်ထမ်း ၁၀ ဦး ဖြင့် အင်အားတိုးချဲ့ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ဩဂုတ်လကစပြီး Quarantine စင်တာတွေ များလာတယ်။ အမှိုက်ထွက်ရှိမှုကလည်း အရင်ကထက် သုံးဆပိုများ လာတယ်။ ဝန်ထမ်းအင်အားနဲ့ ယာဉ်တွေကို တိုးချဲ့ဖွဲ့စည်းပြီး နေ့စဉ်ထွက်ရှိလာတဲ့ အမှိုက်တွေ သိမ်းဆည်းပါတယ်။ အမှိုက်တွေ မသိမ်းဆည်းခင် ဆေးဖြန်းတာတွေလုပ်တယ်။ အလုံပိတ်ယာဉ်တွေနဲ့တင်ပြီး အမှိုက်စွန့်ပစ်ရတဲ့ နေရာတွေ မှာ မီးရှို့ဖျက်ဆီးတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူတွေကို ဆေးရုံတွေက သွားသယ်တာတွေ မီးသဂြိုလ် တာတွေ လုပ်တဲ့အခါမှာလည်း PPE ဝတ်စုံ ဝတ်ဆင်ပြီးမှ ဆောင်ရွက်တာပါ။ ရန်ကုန်မှာသေဆုံးရင် ထိန်ပင်မှာ သဂြိုလ် ပေးပါတယ်။ ဖောင်ကြီးမှာ သေဆုံးရင် ဖောင်ကြီးမှာရှိတဲ့ မီးသဂြိုလ်စက်မှာပဲ သဂြိုလ်ပေးပါတယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ညွန်ကြားရေးမှူး ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော် က ပြောသည်။
ရန်ကုန်မြို့ရှိ Quarantine စင်တာများ၊ ဆေးရုံ၊ ဆေးခန်းများနှင့် Semi Lock down သတ်မှတ်ထားသည့် နေရာများမှ နေ့စဉ် ထွက်ရှိလာသည့် အမှိုက်တန်ချိန် ၄၀ ကျော်ကို လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်နှင့် ဖောင်ကြီးရှိ အမှိုက်မီးရှို့စက်တွင်ထည့်ကာ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-အောင်မြင့်မော်)


