ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ အကြိုနေ့ညနေပိုင်းမှ စတင်ကာ ရေကစားသူများဖြင့် စည်ကား

ရန်ကုန် ၁၃ ဧပြီ

 

၁၃၈၁ ခုနှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်မဟာသင်္ကြန်ရေသဘင်ပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်သည်။

 

mdn

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

mdn

 

ယင်းနောက် အနုပညာရှင်များက တေးဂီတများဖြင့်ဖျော်ဖြေပြီး ယိမ်းအဖွဲ့များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ယနေ့ ရန်ကုန်မဟာသင်္ကြန်ရေသဘင်ပွဲတော်အကြိုနေ့၌ ညနေပိုင်းမှစတင်ကာ မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံရှေ့တွင် လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပလျက်ရှိရာ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် နိုင်ငံခြားသားများလည်း ပါဝင်ဆင်နွဲလျက်ရှိသည်။

 

mdn

 

ထို့အတူ လသာမြို့နယ် ၁၉ လမ်းရှိ SKY NET ရေကစားမဏ္ဍပ်၊ ကျောက်တံတား မြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ သျှိုင်းမြန်မာ့ရိုးရာရေကစားမဏ္ဍပ်၊ ဗိုလ်တထောင်မြို့နယ် ဗန္ဓုလလမ်းပေါ်ရှိဗိုလ်တထောင်မိသားစုရေကစားမဏ္ဍပ်၊ မြကျွန်းသာသင်္ကြန်၊ ကန်တော်ကြီးလမ်းလျှောက်သင်္ကြန်ပွဲတော်၊ ရန်ကင်းဗဟိုရေကစားမဏ္ဍပ်၊ ကျိုက္ကဆံ လမ်းတစ်လျှောက်ရှိ ရေကစားမဏ္ဍပ်များအပြင် အခြားမြို့နယ်များရှိ ရေကစားမဏ္ဍပ်များတွင်လည်း ရေကစားသူများ၊ ရေလောင်းရေပက်ခံသူများဖြင့် စည်ကားလျက်ရှိသည်။

 

mdn

 

ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ သျှိုင်း မြန်မာ့ရိုးရာရေကစား မဏ္ဍပ်မှ ဒေါ်တင်တင်နွှဲက " ဝါဝါသန်းအလှပြုပြင်ရေးနဲ့ ပွင့်ဖူးအထည်အလိပ်မျိုးစုံ ရောင်းဝယ်ရေးတို့ ပူးပေါင်းပြီး ဒီနေရာမှာရေကစားမဏ္ဍပ်လုပ်လာတာ နှစ်သုံးဆယ်ရှိ ပါပြီ။ ဒီနှစ်မှာအကြိုနေ့ကစပြီး မနက်ပိုင်းရော ညနေပိုင်းရော လာသမျှရေပက်ခံ ကားတွေ ရေပက်ခံ လျှောက်လည်တဲ့သူတွေကိုအကျွေးအမွေးတွေနဲ့ စတုဒီသာအလှူ လုပ်သွားမှာပါ’’ ဟုပြောသည်။

 

ဗိုလ်တထောင်မြို့နယ်မှ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက "ဗိုလ်တထောင်မိသားစု ရေကစားမဏ္ဍပ်ကို အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးပြီးလုပ်တာပါ။ ဖျော်ဖြေရေး အစီစဉ်ကတော့ ယိမ်းအဖွဲ့တွေ၊ အကအဖွဲ့တွေ၊ သံချပ်အဖွဲ့တွေနဲ့ ဖျော်ဖြေရေး အစီစဉ်တွေ ထည့်ထားပါတယ်။ စတုဒီသာလည်းကျွေးမွေး လှူဒါန်းသွားမှာပါ။ ဗိုလ်တထောင်မြို့နယ်မှာ ဒီမဏ္ဍပ်အပြင် အခြားမဏ္ဍပ်တွေလည်း ရှိပါတယ် ’’ ဟု ပြောသည်။

 

ယနေ့ သင်္ကြန်အကြိုနေ့ နံနက်ပိုင်းမှစတင်ကာ မြို့နယ်အသီးသီးရှိ ရပ်ကွက်များတွင်လည်း စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားနေသည့်အပြင် မြို့နယ်၊ ရပ်ကွက် လမ်းအသီးသီးရှိ မိသားစုရေကစားမဏ္ဍပ်များတွင်လည်း ရေလောင်းရေပက်သူများ၊ ရေပက်ခံသူများဖြင့် ညနေပိုင်းအထိ စည်ကားလျက်ရှိသည်။

 

mdn

 

ညပိုင်းတွင်လည်း အလှပြယာဉ်များ၊ သင်္ကြန်သံချပ်အဖွဲ့များက ရန်ကုန်မြို့တွင်းရှိ ဖျော်ဖြေရေး မဏ္ဍပ်များသို့ လှည့်လည်ဖျော်ဖြေတင်ဆက်ကြရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

 

သတင်း-ရဲခေါင်၊မင်းသစ်/ဓာတ်ပုံ-ဇော်မင်းလတ်၊ရဲထွဋ်