ရန်ကုန် စက်တင်ဘာ ၁၂
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အခြေခံစာရင်းကိုင်သင်တန်း အမှတ်စဉ် (၁၇)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ ဝန်ထမ်းသင်တန်းကျောင်း သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဗိုလ်ဌေး က စာရင်းကိုင်ပညာနှင့် ပတ်သက်သည့် ပညာရပ်များကို လုပ်ငန်းခွင်တွင် သာမက ပြင်ပ၌လည်း ထပ်မံလေ့လာသင်ယူကြရန် လိုအပ်ကြောင်း၊ ပြည်သူဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ် စေရေး၊ အလေအလွင့်မရှိစေရေး စာရင်းအင်း အချက်အလက်များကို သတ်မှတ်ညွှန်ကြားချက် များနှင့်အညီ စနစ်တကျ စီမံခန့်ခွဲသွားရန်လိုကြောင်း၊ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး ပြည်သူများ၏ ယုံကြည်မှုရှိစေရေး နေထိုင်ပြုမူ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက သင်တန်းဆင်း အောင်လက်မှတ်နှင့် ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ သင်တန်းကို ဩဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ဖွင့်လှစ်သင် ကြားခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သင်တန်းသား/သင်တန်းသူ (၄၈) ဦး တက်ရောက်အောင်မြင်ခဲ့သည်။
သင်တန်းဆင်းပွဲ အပြီးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြည်သို့ ရောက်ရှိပြီး ပြည်သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နေမှု၊ မြေယာရှုခင်းများ ပြုပြင်နေမှု၊ ပန်းအလှနှင့် ပန်းခွက်များ ပြုလုပ်ရန် ပြင်ဆင်ထားသည့် နေရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်