ရန်ကုန် နိုဝင်ဘာ ၁

ကိုဗစ်-၁၉ ရောဂါ ကာလအများပြည်သူများ၏ ကျန်းမာရေးကို ရှေးရှုသည့်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယာယီပိတ်ထားရာ ယခုအခါ တစ်နိုင်ငံလုံးနီးပါး ကိုဗစ်-၁၉ ရောဂါကို အတော်အသင့် ထိန်းချုပ်နိုင်ပြီဖြစ်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ လက်အောက်ရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ ဈေးပေါင်း ၁၈၄ ဈေးနှင့် ပုဂ္ဂလိကပိုင် ဈေးပေါင်း ၉၂ ဈေးအား နိုဝင်ဘာ ၁ ရက် (ယနေ့)မှ စတင်ကာ ပြန်လည်ဖွင့်လှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုဝင်ဘာ ၁ ရက်ကစပြီး ဈေးတွေပြန်ဖွင့်ပြီဆိုတဲ့အကြောင်း ဈေးအသီးသီးက ဗီနိုင်းတွေ၊ ပိုစတာတွေချိတ်ဆွဲပြီး အသိပေးထားကြပါတယ်။ အရင်တုန်းကဈေးတွေ ပိတ်ထားတယ်ဆိုပေမယ့် ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်တွေ တွဲဖက်ပါဝင် ရောင်းချတဲ့ ဈေးကဆိုင်ခန်းတွေကိုတော့ ဖွင့်ခွင့်ပြုထားပါတယ်။ နိုဝင်ဘာ ၁ ရက်ကစပြီး ဟိုးအရင် အတိုင်းရောင်းကုန်တွေကို ကန့်သတ်ချက်မရှိတော့ဘဲ အကုန်ဖွင့်ခွင့်ပြုလိုက်တာပါ။ ဈေးတွေမှာ လိုက်နာရမယ့် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားတဲ့ Version 3.1 နဲ့အညီ ဖွင့်ခွင့်ပြုလိုက် ပါတယ်”ဟု ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်၌ ဈေးစုစုပေါင်း ၁၈၄ ဈေးရှိရာ အရှေ့ပိုင်းခရိုင်၌ ၅၄ ဈေး၊ အနောက်ပိုင်းခရိုင်၌ ၂၈ ဈေး၊ တောင်ပိုင်းခရိုင်၌ ၄၁ ဈေးနှင့် မြောက်ပိုင်း ခရိုင်၌ ၆၁ ဈေးရှိပြီး ပုဂ္ဂလိကပိုင်ဈေးပေါင်း ၉၂ ဈေး ရှိကြောင်း၊ တရားဝင်ယာယီပိတ်ထားသော ဈေးများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ဈေးများဖွင့်လှစ်ပြီးဆိုပါက တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရန် ခက်ခဲသည့်အတွက်ကြောင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာကြရန်လိုအပ်ပြီး ဈေးရောင်းသူနှင့် ဝယ်ယူသူ ပြည်သူများအနေဖြင့် သတ်မှတ် စည်းကမ်းများနှင့်အညီ ရောဂါကာကွယ်ရေးနည်းများကို တိကျစွာလိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတိပေးထုတ်ပြန်ထားသည်။

သတင်း-ပွင့်သစ္စာ

ဓာတ်ပုံ- လင်းရာမ