ရန်ကုန်   ဒီဇင်ဘာ   ၂၈

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းတော် နောက်လမ်း (ဇင်ဇီယာလမ်း) သို့ ရောက်ရှိကြပြီး အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ နှစ်လမ်းသွား ကွန်ကရစ်ခင်းနေမှုကို ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းမီရေး၊ လမ်းတစ်လျှောက်ရှိ အုပ်မိုးကိုင်းများ ရှင်းလင်းရေးနှင့် သန့်ရှင်းသာယာ သပ်ရပ်ရေး စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

 

အဆိုပါလမ်းသည် မင်းဓမ္မလမ်းနှင့် ပြည်လမ်းကို ဆက်သွယ်ထားသဖြင့် မင်းဓမ္မလမ်း ယာဉ်ကြောကြပ်တည်းမှုကို လျှော့ချနိုင်ရန် ပြန်လည်ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ဒုတိယ မြို့တော်ဝန်နှင့် အဖွဲ့သည် ပုလဲလမ်းမကြီးသို့ ရောက်ရှိကြပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း သံမဏိစက်ရုံရှေ့တွင် အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု) မှ ဆောင်ရွက်နေသော အုတ်ရေမြောင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ပုလဲလမ်းမကြီးသည် အောက်မင်္ဂလာဒုံလမ်းနှင့် ရွှေပြည်သာစက်မှုဇုန်သို့ ဆက်သွယ်ရာ အဓိက လမ်းမကြီး ဖြစ်သဖြင့် ပုလဲလမ်းတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေးနှင့် ကုန်တင်ယာဉ်များ လွယ်ကူစွာ သွားလာနိုင်ရေးအတွက် လမ်းဝဲ/ယာ ရှင်းလင်းချဲ့ထွင်ပြီး ဖြစ်သည့်အပြင် ပုလဲလမ်း ရေမြောင်းမှ ရွာမချောင်းသို့ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းတစ်လျှောက် လိုအပ်သည့် နေရာများတွင် အုတ်ရေမြောင်းများ၊ Box Culvert နှင့် လမ်းဖြတ် Culvert များ တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်