ရန်ကုန် ၊ ဧပြီ ၁၃
၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်လမ်းလျှောက် သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ အတာသင်္ကြန် မဏ္ဍပ်တို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များနှင့် မိသားစုဝင်များ ၊ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင် အစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်းက နှစ်သစ်မင်္ဂလာဩဘာစာကို ဖတ်ကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ယင်းနောက် ၁၃၈၄ ခုနှစ်၊ ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
ဆက်လက်၍ တေးသံရှင်သန်းမြတ်စိုး၏ “မြူမှောင်ဝေကင်း” သီချင်းနှင့် တေးသံရှင် စိုးညီညီ၏ “နွေရတုပွဲတော်” သီချင်းတို့ဖြင့် ယိမ်းအဖွဲ့အသီးသီးတို့က ယိမ်းအကများဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် နံနက် ၈ နာရီတွင် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် Royal-Apex မဏ္ဍပ်ဖွင့်ပွဲကို ကျင်းပရာ မိုးမြန်မာအလှသက်သေ တေးသီချင်းဖြင့် စုပေါင်း ယိမ်းအဖွဲ့မှ ကပြဖျော်ဖြေကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြည်သူများက ကြည့်ရှုအားပေးကြသည်။
ယခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို အထူးစည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူး သင်္ကြန်ပွဲအကြိုနေ့၌ ရန်ကုန်မြို့ရှိ ကန်တော်ကြီးကန်ပတ်လမ်း၊ အင်းလျားကန်၊ စိမ်းလန်း စိုပြေဥယျာဉ်နှင့် ခရိုင်၊ မြို့နယ်တို့ရှိ ရေကစားမဏ္ဍပ်အသီးသီးတို့၌ အတာရေသဘင် ပွဲတော်ကို ရန်ကုန်မြို့နေ ပြည်သူများ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲကြကြောင်း သိရသည်။
သတင်း-ညိမ်းသူ၊
ဓာတ်ပုံ-လှမိုး၊ဇော်မင်းလတ်


