ရန်ကုန်          ဧပြီ          ၁၀

 

၁၃၈၄  ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင် ချမ်းမြေ့စွာဖြင့်     ယခင်နှစ်များထက်  စည်ကားသိုက်မြိုက်စွာ ဆင်နွှဲ နိုင်ရန်အတွက် အစီအစဉ်များစွာပါဝင်သည့်  လမ်းလျှောက်သင်္ကြန်ကို  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်     ရန်ကုန်မြို့တော်    စည်ပင်သာယာရေးကော်မတီတို့   ပူးပေါင်းစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်တွင်   ရန်ကုန်မြို့တော်ရေသဘင်မဏ္ဍပ်အပြင်   ပြည်သူ့ ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် အစီအစဉ်ကို ထည့်သွင်းစီစဉ်ထားရှိပြီး ထိုလျှောက်လမ်းတစ်လျှောက်၌  နွေအပူကို သင်္ကြန်ရေနှင့်အတူ ရောင်စုံ ထီးအရိပ်တို့က  အကာအကွယ်ပေးလျက်ရှိသည့်အပြင်  မြန်မာ့ရိုးရာ ထန်းလက်တဲများတွင်   အနားယူအပန်းဖြေနိုင်ရန်အတွက်    ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စီမံဆောင်ရွက် ထားသည်။

 

“ဒီနှစ်ထူးခြားတာက  ပြည်သူ့ရင်ပြင် မှာ ရေကစားမဏ္ဍပ် ၁၂ ခုနဲ့ လမ်းလျှောက် သင်္ကြန်ကို    ထည့်သွင်းထားပါတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေ၊  စတုဒိသာ မဏ္ဍပ်တွေနဲ့ ရေကစားရင်း အလွယ်တကူ ဝယ်ယူစားသုံးနိုင်အောင်  ဈေးဆိုင်ခန်း တွေ စီမံပေးထားပါတယ်။  ပြည်သူတွေ အတွက် ပျော်ရွှင်ဖွယ်ရာ  အစီအစဉ်တွေ များတဲ့အတွက် တစ်နေ့တာ အပန်းဖြေဖို့ အကောင်းဆုံးနေရာတစ်ခုပါ။     ပြည်သူ့ ရင်ပြင်ဆိုတာ  ပွဲတော်တွေဆက်တိုက် ပြုလုပ်ခဲ့တဲ့နေရာဖြစ်တဲ့အတွက် ပြည်သူ တွေကလည်း    သိရှိနေပြီဖြစ်ပါတယ်။ ပျော်ရွှင်စရာနေရာတစ်ခုအဖြစ် အသိ အမှတ်ပြုထားကြတယ်။ ဒါကြောင့် ဒီနှစ် သင်္ကြန်မှာ ပြည်သူတွေ စိတ်အေးလက်အေးနဲ့    ရေသဘင်ဆင်နွှဲနိုင်အောင်  စီမံ ဆောင်ရွက်ပေး ထားတာပါ။ လမ်းလျှောက်သင်္ကြန်မှာ  ရေမှုန်ရေမွှား ပက်ဖျန်းပေး ထားတဲ့အတွက်    အပူဒဏ်လျော့ပါး အေးမြစေဖို့ အသင့်ဆောင်ရွက်ထားပြီးပါပြီ” ဟု  ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံ ရေးနှင့်   ပြန်ကြားရေးဌာနမှ   ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတိုးအောင် က ပြောကြားသည်။

 

လမ်းလျှောက်သင်္ကြန် အစီအစဉ်တွင် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် များဖြစ်သည့် နွေဦးကဗျာ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊   ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့တူးပို့၊ ပိတောက် မျက်နှာ၊    နှစ်သစ်မင်္ဂလာနှင့်   ပန်းမျိုး တစ်ရာ စသည့် မဏ္ဍပ်များအပြင် စတုဒိသာ မဏ္ဍပ်များနှင့် အများပြည်သူ အလွယ်တကူ ဝယ်ယူစားသုံးနိုင်သည့် စားသောက် ဆိုင်ခန်းများကို စနစ်တကျ တည်ဆောက် ထားသည်။

 

အထူးသဖြင့်  လမ်းလျှောက်သင်္ကြန် တွင် ပျော်ရွှင်စွာဆင်နွှဲကာ  မြူးကြွသည့် တေးသီချင်းများနှင့်   လှပသည့်    သင်္ကြန် ယိမ်းအကတို့ကို   နံနက် ၈ နာရီမှ ည  ၉ နာရီအထိ      ကြည့်ရှုနားဆင်နိုင်မည် ဖြစ်ပြီး ရုပ်ရှင်၊  သဘင်၊  ဂီတအဖွဲ့အစည်းများက  ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် သင်္ကြန် ယိမ်းအဖွဲ့ ၆၈ ဖွဲ့တို့ က ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ - သတင်းစဉ်

ဓာတ်ပုံ - ဇော်မင်းလတ်