ရန်ကုန် နိုဝင်ဘာ ၄
ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော် ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ဒုတိယမြို့တော်ဝန် ဦးညီညီတို့သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းမျိုးစုံ ရောင်းချနိုင်သည့် ဆိုင်ခန်းပေါင်း ၁၆၀ ပါဝင်မည်ဖြစ်ကာ ပြည်သူ့ရင်ပြင်အပြည့် ရောင်စုံအလှမီးများ ထွန်းညှိ၍ မီးပုံးပျံငယ်များ လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတို့အပြင် နေ့စဉ် ညနေ ၅ နာရီမှ ည ၁၀ နာရီအထိ စင်တင်တေးဂီတဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားမြိုင်လမ်းထိပ်ရှိ အင်းလျားကန်ရေဝင်ပေါက် ရေစစ်ကန်အတွင်း အမှိုက်များ ဆယ်ယူ ရှင်းလင်းနေမှုနှင့် ရေစစ်ကန်ဝန်းကျင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ အင်းလျားမြိုင်ရေတွန်းစက် လည်ပတ်ဆောင်ရွက်နေမှု၊ မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်း ထောင့်ရှိ အမျိုးသား ပြန်လည်သန်စွမ်းရေးဆေးရုံရှေ့ အုတ်ရေမြောင်း တည်ဆောက်နေမှု၊ လှိုင်မြို့နယ်၊ (၁၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း အရှေ့ဘက်ခြမ်း (ပိတောက်ချောင်းနှင့် အုတ်ကျင်းဘူတာရုံလမ်း အကြား) အုတ်ရေမြောင်း တည်ဆောက်ပြီးစီးမှုနှင့် မြေယာရှုခင်း ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ ရွှေပြည်သာမြို့နယ်ခန်းမ အနောက်ဘက်ဝင်းအတွင်း အများပြည်သူအပန်းဖြေနိုင်ရန် ဖူဆယ်ဘောလုံးကွင်း၊ စားသောက်ဆိုင်နှင့် ရေကူးကန်များ တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်