ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့ စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက် မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန်အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှု၊ အိမ်ရာဝင်း အတွင်းရှိ အားကစားကွင်း ပြုပြင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအတွက် ဖူဆယ်ဘောလုံး သုံးလုံးကို အိမ်ရာဝင်းမှူးထံ ပေးအပ်သည်။
ယင်းနောက် ရန်ကင်းမြို့နယ်၊ (၁၂) ရပ်ကွက်၊ ကံဘဲ့ဘူတာရုံလမ်းရှိ ဆည်မြောင်းချောင်းတွင် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ အကျယ် ၂၂ ပေရှိ ချောင်းတစ်လျှောက်ဝဲယာ အရှည် ၅၉၅ ပေ အမြင့် ၉ ပေရှိ မြေထိန်းနံရံ ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၇) ရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ပြည်ထောင်စု ရေထိန်းတံခါး၌ အင်ဂျင်နီယာဌာန (ရေစီးရေလာ စီမံခန့်ခွဲမှု)မှ Excavator ယန္တရားယာဉ်များဖြင့် ကောက်ကွေ့သည့် ချောင်းလမ်းကြောင်းအား တစ်ဖြောင့်တည်းဖြစ်စေရန် တူးဖော် ဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်း လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစေတီလမ်း အင်းလျားကန်ပေါင်အနီး အများပြည်သူသုံး သန့်စင်ခန်း ဆောက်လုပ်နေမှု၊ Septic Tank ထည့်သွင်းရန်နှင့် ကန်ပေါင်မှ အတက်အဆင်း လှေကား ပြုလုပ်ရန် ပြင်ဆင်ထားမှု၊ ကန်ပေါင်အောက် ရေမြောင်းမှ ကမ္ဘာအေးစေတီလမ်း ရေမြောင်းသို့ ရေဝင်ပေါက် နေရာတွင် ရေစစ်ကန်တည်ဆောက်ထားမှုနှင့် ကန်ပေါင်တစ်လျှောက် စင်္ကြံလမ်းနှင့် အတက်အဆင်း လှေကားများ ပြုပြင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ ရောက်ရှိပြီး ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ မြေဆွေး ကန် ၁၆၀ ဖြင့် EM Bokashi မြေဩဇာ ထုတ်လုပ်နေမှုနှင့် အသင့်အသုံးပြု နိုင်သည့် မြေဩဇာ ၄ ကျင်း ထုပ်ပိုးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


