ရန်ကုန် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီက ကမာရွတ် မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တောစည်ပင် ရဲဝန်ထမ်းအိမ်ရာဝင်း၌ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ရောင်းချနေမှုကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဗဟိုလမ်း(ဟံသာဝတီလမ်းနှင့် နာနတ်တောလမ်းကြား) တစ်လျှောက် ရေစီးရေလာကောင်းမွန် စေရန် လမ်းဘေး ဝဲ/ယာ ရေမြောင်းများအတွင်း အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းရှိ လက်ဆည်ကန် သန့်ရှင်းသာယာလှပရေးအတွက် ကန်အတွင်းအမှိုက်များ၊ နုံးများနှင့် ကန်ပေါင်တစ်လျှောက် ပေါက်ရောက် နေသော မြက်ခြုံနွယ်များ၊ အမှိုက်များရှင်းလင်းခြင်း၊ ကန်အတွင်းမှ အမှိုက်များဆယ်ယူခြင်းတို့ကို လည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်း (ကျားကြီးရေတံခါးနှင့် ဘုရင့်နောင်လမ်းအကြား) အရှည် ပေ ၁၇၉၈၂ ပေ၊ အကျယ် ၂၂ ပေ၊ ထု ၁၁ လက်မ ကွန်ကရိခင်းခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မင်းရဲကောင်းပုံလမ်းနှင့် မောင်းမကန် ကမ်းသာလမ်းဆုံရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးဌာန(ပင်မဝင်း)အတွင်း ယာဉ်ယန္တရားများကြံ့ခိုင်ရေး ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (ရေပေးဝေရေးနှင့် သန့်ရှင်းမှု)မှ ဆောင်ရွက်နေသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၉) ရပ်ကွက်၊ ပုဂံလမ်းရှိ ရေပေးဝေရေးဇုန် (၈) ရေစုကန်နှင့် ရေတွန်းစက်ကိုလည်းကောင်း၊ ဒဂုံမြိုသစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၇) ရပ်ကွက်၊ မြဝတီမင်းကြီး လမ်းပြုပြင်ရန် လိုအပ်ချက်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ထုတ်ဝေသည့် အသိပညာပေးဗီနိုင်းပိုစတာကို ဒဂုံမြိုသစ် (တောင်ပိုင်း)မြို့နယ်၊ (၁၀၇)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


