ရန်ကုန် ဒီဇင်ဘာ ၂၂
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၂ ရက် နံနက် ၇ နာရီတွင် ဒေါပုံမြို့နယ်၊ စက်ရုံလမ်းရှိ ကတ္တရာ ကွန်ကရစ်စက်သို့ သွားရောက်၍ စက်များ ကြံ့ခိုင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ထားမှု၊ Burner မီးမွှေးစက်နှင့် ရေစုပ်စက်ပြုပြင်ဆောင်ရွက်နေမှု၊ စက်အဟောင်းများကို အစားထိုး တပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် စက်ရုံလမ်း ကော်ဇောစက်ရုံနှင့် မင်းနန္ဒာလမ်း ရွှေပုဇွန်ကိတ်မုန့်တိုက်အကြား လမ်းတိုးချဲ့၍ လူသွားစင်္ကြံ စက်ဘီးလမ်း ပြုလုပ်ထားရှိမှု၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းဆုံ လူကူးမျဉ်းကြားရေးဆွဲနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် တောင်ဥက္ကလာပမြို့ နယ်၊ သံသုမာလမ်း၊ မေတ္တာလမ်းနှင့် ကျိုက္ကဆံချောင်းအကြား ရေနုတ်မြောင်း မြေထိန်းနံရံ တည်ဆောက်နေမှုကို လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန် အပိုင်း(၁) ပင်လုံလမ်း၊ ပြည်ထောင်စု လမ်းဟောင်းမှ စက်မှုဇုန်လမ်းအထိ (၄)လမ်းသွား ကွန်ကရစ်လမ်း ပြုပြင်ခင်းကျင်းနေမှုကို လည်းကောင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်း၊ အမှတ်(၄) မြစ်ထွက်ပေါက်မှ ပဲခူးမြစ်အထိ ရေနုတ်မြောင်း မြေထိန်းနံရံ၊ ရေစစ်ကန်နှင့် ရေနုတ်မြောင်းဝဲ/ယာ သဲရေစစ်ကန် Sand Filter များ တည်ဆောက်နေမှုကို လည်းကောင်း၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်အတွင်း အလင်းရောင် မြစ်ထွက်ပေါက် ရေနုတ်မြောင်း မြေထိန်းနံရံ ပြုပြင်ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်


