ရန်ကုန်  ၁၅   ဇူလိုင် 


သက္ကရာဇ် ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့တော်ကြီးကို စိမ်းလန်းစိုပြည်ကာ သန့်ရှင်းသာယာပြီး နေချင့်စဖွယ်မြို့တော်ကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာစေရေးအတွက် ရည်မှန်းချက်ထားကာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၌ ယနေ့ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲမှ သိရသည်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရန်ကုန်မြို့စိမ်းလန်းစိုပြည်ရေးအတွက် မိုင် ၃၀ ပတ်လည် စိမ်းလန်းစိုပြည်ရေးစီမံချက်ကို ယခင်ကတည်းက ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း သက်တမ်းရင့်သစ်ပင်ကြီးများ များစွာရှိပြီး ထိုအပင် ကြီးများကို မလိုအပ်ဘဲ ခုတ်ထွင်ခြင်းမပြုလုပ်ရန် တင်းတင်းကျပ်ကျပ်တားမြစ်ထားကြောင်း သိရသည်။


သစ်ပင်ကြီးများ သက်တမ်းရင့်လာ၍ ကျိုးကျခြင်းနှင့် သဘာဝဘေးကြောင့် အန္တရာယ်ဖြစ်လာနိုင်ပါက လိုအပ်သလို ဖြတ်ညှိခြင်းကို ဆောင်ရွက်ပြီး မြို့လယ်ဧရိယာအတွင်း အများပြည်သူအတွက် မဖြစ်မနေ ခုတ်ထွင်ရှင်းလင်းရန် လိုအပ်ပါက အနည်းဆုံးပမာဏကို ခုတ်ထွင်ကာ တစ်ပင်ခုတ် နှစ်ပင်ပြန်စိုက် သည့် ပုံစံမျိုးဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  


မြေယာရှုခင်းနှင့်အားကစားကွင်းများလုပ်ငန်းဌာနမှ ဒုတိယဌာနမှူး ဦးမင်းအောင်က “အများအားဖြင့် မိုးရာသီတိုင်းမှာ ဆောင်ရွက်နေကြဖြစ်တဲ့  လှော်ကားဥယျာဉ်မှာ သစ်ပင်စိုက်ပွဲတော်တွေ လုပ်ပါ တယ်။ အဲဒီနေရာမှာ ကျွန်တော်တို့က တစ်ပင်ခုတ်တဲ့အတွက် နှစ်ပင်ပြန်စိုက်တဲ့ပုံစံမျိုးစိုက်ပါတယ်။ အဲဒီအချိန်ကျ ကျွန်တော်တို့က ရတနာတန်းဝင်အပင်မျိုးတွေ ရွေးချယ်ပြီး စိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုဧရိယာအတွင်းမှာရှိတဲ့ ကစားကွင်းဧရိယာတွေ ပတ်လည်မှာ မြေနေရာလေးတွေ ကြည့်ပြီး တော့ စိုက်တဲ့ပျိုးတဲ့ပုံစံမျိုးလည်း ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့နှစ်စဉ် ရတနာတန်းဝင်အပင်ပေါင်း ၄ သိန်းခန့်ပျိုးပြီးတော့ စိုက်လို့ပျိုးလို့ အဆင်ပြေမယ့်နေရာတွေ ရွေးချယ်စိုက်ပျိုးပါတယ်” ဟု ရန်ကုန် စည်ပင်နယ်နမိတ်အတွင်း သစ်ပင်စိုက်ပျိုးထိန်းသိမ်းမှုအကြောင်းကို ရှင်းပြသည်။  


သစ်ပင်များကို ဘုရားဝင်းများ၊ ရေကန်ပတ်လည်နေရာများတွင် စနစ်တကျ စိုက်ပျိုးလျက်ရှိပြီး သစ်ပင် များအား ခွင့်ပြုချက်မရဘဲ မိမိသဘောဖြင့်မိမိ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမျှ ခုတ်၍မရကြောင်း သိရသည်။ သစ်ပင်များအား ခွင့်ပြုချက်မရဘဲ ခုတ်ပါက ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း သိရသည်။

 
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်ရှိ စည်ပင်သာယာနယ်နမိတ် အတွင်း ပန်းခြံပေါင်း ၆၁ ခြံရှိပြီး ဧကအနေဖြင့် စုစုပေါင်း ၃၈၅ ဧကခန့်၊ ကစားကွင်းများအနေဖြင့် ၁၄၉ ကွင်းရှိပြီး ဧကအနေဖြင့် စုစုပေါင်း ဧက ၆၀ဝ ခန့်ရှိကြောင်းကြောင်း သိရသည်။ 
ထို့ပြင် မြေလွတ်များ၌ ကစားကွင်းများဆောင်ရွက်ပေးရန်၊ ပန်းခြံများ တည်ဆောက်ပေးရန် တင်ပြ တောင်းခံလာမှုများရှိပြီး ယင်းမြေနှင့်ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်၍ ရလဒ်အပေါ်မူတည်ကာ ဆောင်ရွက်ပေး၍ ရပါက  ဘတ်ဂျက်ရေးဆွဲကာ နှစ်အလိုက် အများပြည်သူအပန်းဖြေအနားယူရာ ဧရိယာများတိုးချဲ့ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။  


သို့သော် ရန်ကုန်မြို့လယ်ဧရိယာဖြစ်သော လသာ၊ ကျောက်တံတား၊ လမ်းမတော်အစရှိသော မြို့နယ် ၆ မြို့နယ်ကဲ့သို့ လူနေသိပ်သည်း၍ အဆောက်အဦ ထူထပ်သော နေရာများတွင် ပန်းခြံများ၊ ကစား ကွင်းများ တိုးချဲ့တည်ဆောက်ပေး၍ မရနိုင်ပါကြောင်း သိရသည်။ 


ပန်းခြံများတွင် သစ်ပင်များစိုက်ပျိုးထားခြင်းအားဖြင့် အများပြည်သူအနားယူနိုင်သကဲ့သို့ အပူချိန်နှင့် လေထုညစ်ညမ်းမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။


ထင်ပေါ်ဝင်း(ကမာရွတ်)