ရန်ကုန် ဧပြီ ၁၄
၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူရင်ပြင် လမ်းလျှောက် သင်္ကြန်ပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီး ယနေ့ သင်္ကြန်အကျ နေ့၌ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ ရင်ပြင်အတွင်းရှိ လမ်းလျှောက် သင်္ကြန်တို့တွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ အတာရေသဘင်ဆင်နွှဲများ ရေပက်ခံကားများနှင့် ဖျော်ဖြေရေးကြည့်ရှုသူတို့ဖြင့် စည်ကားခဲ့သည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နံနက်ပိုင်းအစီအစဉ်တွင် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်တို့မှ ယိမ်းအဖွဲ့များ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးနှင့် ဂီတအစည်းအရုံးတို့မှ မြူးကြွလှပ သင်္ကြန်သီချင်းများဖြင့် ပူးပေါင်းဖျော်ဖြေခဲ့ရာ ရေသဘင် ပွဲတော်ဆင်နွှဲသူများ အထူးနှစ်ခြိုက်ခဲ့ကြသည်။
နံနက်(၁၀)နာရီကျော်တွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်း စစ်ဌာနချုပ်မှအရာရှိကြီးများ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်နှင့် ကော် မတီဝင်များ၊ မိသားစုဝင်များက နတ်ယိမ်း၊ ရုပ်သေးဇော်ဂျီအက၊ ရာမာယဏ ဖျော် ဖြေမှု၊ ခေတ်သုံးခေတ် သင်္ကြန်အက၊ ရုပ်ရှင်/သဘင်/ဂီတအဖွဲ့ဝင်တို့ ပူးပေါင်းတင်ဆက်သည့် မန်းတောင်ရိပ်ခိုသီချင်းနှင့် အကယ်ဒမီ နေအောင်၊ တေးသံရှင် ပိုးအိစံ၊ သရုပ်ဆောင် လှမျိုးသဥ္စာနွယ်၊ တေးသံရှင်ဝိုင်းလမင်းအောင်တို့၏ မြူးကြွသော သင်္ကြန်သီချင်းဖျော်ဖြေ မှုတို့ကို အတာရေသဘင်ဆင်နွှဲကြသည့် ပြည်သူတို့နှင့်အတူ ကြည့်ရှုအားပေးကြသည်။
ညနေပိုင်းတွင်း ယိမ်းအဖွဲ့များယှဉ်ပြိုင်မှု၊ ညပိုင်း၌ ရုပ်ရှင်နှင့်ဂီတအစည်းအရုံးတို့မှ ပူးပေါင်းဖျော်ဖြေမှုနှင့် အတူ သဘင်အစည်းအရုံးမှ ဆက်ကပ်မျက်လှည့်စွမ်းရည်နှင့် တခိုင် လုံးရွှေအေးအေးမြင့်အဖွဲ့မှ လူရွှင်တော် ဝိုင်းချစ်နှင့်အဖွဲ့က ဖျော်ဖြေကြသည်။
ယနေ့နံနက်ပိုင်းမှစ၍ ပြည်သူ့ရင်ပြင်ရှိ Royal Apex ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေမှုန် ရေမွှားလမ်းလျှောက် သင်္ကြန်တို့တွင် အတာရေသဘင်ပွဲတော်ဆင်နွှဲသူများနှင့် ရေပက် ခံကားများဖြင့် စည်ကားခဲ့ပြီး ရေကစားမဏ္ဍပ် ၁၂ ခုနှင့် ထန်းလက်မိုးစား သောက်ဆိုင် တန်းတို့တွင်လည်း မြန်မာ့ရိုးရာအတာရေသဘင်ပွဲတော် ဆင်နွှဲသူတို့ဖြင့် အထူးစည်ကားခဲ့သည်။
နှစ်ကူးသင်္ကြန်ပွဲတော်ကာလတွင် အများပြည်သူအေးချမ်းပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနိုင်ရန် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့က လုံခြုံရေးတာဝန်ကို အပြည့်အဝဆောင်ရွက်ပေးလျက် ရှိပြီး ယနေ့သင်္ကြန်အကျနေ့၌ ရန်ကုန်မြို့တော်သင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့တွင် အတာ ရေသဘင်ပွဲတော်ဆင်နွှဲကြသည့် ရေကစားသူ၊ ရေပက်ခံသူတို့ဖြင့် စည်ကားများ ပြားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်
ညိမ်းသူ(သတင်းစဉ်)