ရန်ကုန် ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တော် သန့်ရှင်းသာယာ လှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေသော မြို့နယ်များသို့ လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက်နှင့် ကြည့်မြင်တိုင်မြို့နယ်၊ သရက်တောမြောက်ရပ်ကွက်ဆုံရာ ဟံသာဝတီလမ်းတွင် ပြည်သူများကိုယ်တိုင်ပါဝင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်နေမှုများ၊ လမ်းနှင့်မလွတ်ကင်းသည့်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းအတွင်း အရှည် ၁၄၁၈ ပေရှိ မြစ်ထွက်ပေါက်ချောင်း ရေစီးရေလာကောင်းမွန်ရေး ဝန်ထမ်းများ၊ စက်ယန္တရားများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်မြို့နယ် (၆)နှင့်(၈) ရပ်ကွက် သုခလမ်းဘေးဝဲယာ ရေနုတ်မြောင်း ရေစီးရေလာကောင်းမွန်ရေး အမှိုက်၊ နုန်းနှင့်မြောင်းချေးများကို ရပ်ကွက်နေ ပြည်သူများကိုယ်တိုင်ပါဝင်ပြီး လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် စုပေါင်း၍ ဆယ်ယူရှင်းလင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရွှေပိတောက်ငါးစျေးတွင် စွန့်ပစ်အမှိုက် များဖြင့် EM ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်နေမှု၊ ငါးစျေးအတွင်း အေးချမ်းစွာ စျေးရောင်းချ နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီးတွေဆုံ နှုတ်ဆက်၍ ငါးစျေးအတွင်း အနံ့အသက်မရှိစေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ သမိုင်းချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် သမိုင်းချောင်းအတွင်းစီးဝင်သည့် ရေနုတ်မြောင်းများရှိ အမှိုက်များ၊ နှုန်းများအားလည်းကောင်း၊ အင်းစိန်နံ့သာကုန်းရပ်ကွက် ရွှေပြည်အေး လမ်းတစ်လျှောက် ဘေးဝဲယာရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး အမှိုက်များဆယ်ယူ ခြင်း၊ နုန်းနှင့်သဲများ ထုတ်ယူခြင်းများကို လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဝန်ထမ်းများ၏ ဆယ်ယူနေမှုများကို ကြည့်ရှုစစ်ဆေး၍ လာရောက်ကူညီသူများကို ကျေးဇူးတင်စကား ပြောကြားပြီး ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
ဆန်းကျော်ဦး(ပြန်/ဆက်)