ရန်ကုန် မေ ၉

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၂၇ ရပ်ကွက် ရွှေပင်လုံအိမ်ရာ အပိုင်း (၃) သို့ ရောက်ရှိပြီး အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ရေပေးဝေရေးဇုန် (၇) District Metering Area DMA-701 ဧရိယာအတွင်း လမ်းသွယ်များသို့ 115 mm HDPE  ပိုက်လိုင်းသွယ်တန်းနေမှု၊ နဝရတ်နှင်းဆီလမ်း၌ DMA  Chamber တပ်ဆင်နေမှုနှင့် 315 mm HDPE ပိုက်လိုင်း သွယ်တန်းနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သရက်ပင်ချောင်ကျေးရွာ၌ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ တည်ဆောက်ရေးစီမံကိန်း မြေနေရာတွင် တာပတ်မြေသားလမ်း ခင်းကျင်းနေမှု၊ Leachate ရေဆိုးမြောင်းများ တူးဖော်နေမှုနှင့် ရေထိန်းတံခါးနှင့် Culvert တပ်ဆင် တည်ဆောက်မည့် နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၏ ဆက်သွယ်ရေး လမ်းကြောင်းများ ကောင်းမွန်ရေး၊ ဒီရေဝင်ရောက်မှု ကာကွယ်နိုင်ရေးနှင့် ရေဆိုးသန့်စင်မှုစနစ်များ ကောင်းမွန်စေရေး ဆောင်ရွက်ရန် မှာကြားပြီး  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

mdn

 

ယင်းနောက် တာပတ်လမ်းအတိုင်း သရက်ပင်ချောင်ရွာ၊ ပဲခူးမြစ်ကမ်းဘေး ရှေးဟောင်းကျိုက်ကျေးတစ်ရာ စေတီအနီး ပဲခူးမြစ်ကူး သရက် ပင်ချောင် - ဒေးဆက် ကူးတို့ဆိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကူးတို့ဆိပ်ရေဆင်းတံတား ပြန်လည်ပြုပြင်တည်ဆောက်ရန် မှာကြားသည်။

 

ထို့နောက် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ သရက်ပင်ချောင် ကူးတို့ဆိပ်မှ ပြည်သူ့သားကောင်း အိမ်ရာရှေ့အထိ ဘုရင့်နောင်လမ်း ၂ လမ်းသွားအား ၄ လမ်းသွားရရှိအောင် ကွန်ကရစ်တိုးချဲ့ ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ စံချိန်စံညွှန်း ကိုက်ညီရေးနှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

mdn

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မြို့တော်ခန်းမ၌ ဌာနမှူးများနှင့်တွေ့ဆုံပြီး မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တင်ပြကြရန်နှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် လုပ်ငန်းများနှောင့်နှေးမှု မရှိစေရေး စိစစ်သုံးစွဲသွားကြရန် မှာကြားသည်။

 

ယင်းနောက် ဌာနမှူးများက ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရငွေ/သုံးငွေ အခြေအနေတို့ကို တင်ပြကြရာ သက်ဆိုင်ရာ ကော်မတီဝင်များက ဖြည့်စွက်ဆွေးနွေးကြပြီး မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သတင်းစဉ်