ရန်ကုန် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်တို့သည် ယနေ့ နံနက် ၇ နာရီတွင် မြောက်ဥက္ကလာပ မြို့နယ် ဝေဘာဂီလမ်း (ဌ) ရပ်ကွက် သီရိရတနာ (ဌ) ဈေးသို့ သွားရောက်၍ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုနှင့် ခေမာ (၁) လမ်း ပျံကျဈေး ကုန်စိမ်း၊ ကုန်ခြောက်နှင့် အသား/ငါးများ ရောင်းဝယ်ဖောက်ကားနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်း၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ရောင်း/ဝယ်မှုများ ပြုလုပ်စေရေး အသိပေး နှိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask များ ပေးဝေခြင်းများ ဆောင်ရွက်ပြီး ပျံကျဈေး၌ အသား/ငါးများကို လတ်ဆတ်စွာ ရောင်းချနိုင်ရေး၊ ဈေးသန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့မှတစ်ဆင့် မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြောက်ဥက္ကလာပမြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ ဘုမ္မာ (၁၇) လမ်း သက်လုံလူငယ်အားကစားကွင်း၌ ဘောလုံးအားကစားသမားများ လေ့ကျင့်နေမှုကိုကြည့်ရှုပြီး လေ့ကျင့်ရေးဘောလုံးများ ပေးအပ်လှူဒါန်း၍ ဘောလုံးကွင်း ပြန်လည်ပြုပြင် ဆောင်ရွက်ပေးရန် မှာကြားသည်။
ဆက်လက်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကွင်းနှင့် ရေကူးကန်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) မှ Excavator ယန္တရားယာဉ်များဖြင့် ကောက်ကွေ့သည့် ဘဲတန်းချောင်းအပိုင်း အရှည် ၃၈၉၁ ပေအား တစ်ဖြောင့်တည်း အရှည် ၃၃၀၂ ပေ ရရှိရန် ပြန်လည်တူးဖော် ဖောက်လုပ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၂) လမ်းနှင့် မြို့ပတ်လမ်းထောင့် မစိုချောင်းဘေး လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး SCADA Control Room အတွင်း Kubota Co., မှ တာဝန်ရှိသူက SCADA (Supervisory Control And Data Acquisition) Network အား Monitoring ဆောင်ရွက်နေမှု၊ ဇုန် (၇) နှင့် (၈) အတွင်း ရေရောက်ရှိမှု၊ ရေပေးဝေမှု၊ Breakdown ဖြစ်ပေါ်မှု စသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့က လိုအပ်သည်များ မှာကြားသည်။
ရေပေးဝေရေးစီမံကိန်း တစ်ခုလုံးမှာ ၂၀၂၂ ခုနှစ် မတ်လကုန်တွင် ပြီးစီးမည်ဖြစ်ရာ ဒဂုံမြို့သစ်(၄)မြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ သာကေတ၊ ဒေါပုံနှင့် သီလဝါစီးပွားရေး စက်မှုဇုန်များကိုပါ ရေပေးဝေ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၇) လမ်းမကြီး မူလ ၂၂ ပေအကျယ် လမ်းကို ၄၈ ပေအကျယ် လေးလမ်းသွားရရှိရန် အရှည် ၁၁၁၃၇ ပေ လမ်းပိုင်းတွင် အကျယ် ၁၆ ပေ ကွန်ကရိခင်းကျင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်ဥပဒေချုပ်တို့သည် တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားကွင်း၌ အသက် (၂၅) နှစ်အောက် စခန်းသွင်း လေ့ကျင့်နေသည့် တိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသမီးဘောလုံးအသင်းကို အားပေးစကားများ ပြောကြားပြီး မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့က အလှူငွေကျပ် (၅) သိန်းနှင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး ဘောလုံးများကို လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက အားကစားသမားများအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းကိုလည်းကောင်း ပေးအပ်လှူဒါန်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများ အားကစားပြုလုပ်နိုင်ရန် ဥပဒေချုပ်က ဖူဆယ်ဘောလုံးများကို ရန်ကုန်မြို့တော်ဝန်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်