ရန်ကုန် ဧပြီ ၃

 

၂၀၂၃ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ စည်စည်ကားကားဖြစ်စေရန် Sprinkler များ၊ Sprinkler Gun များနှင့် ရေမှုန်ရေမွှားလျှောက်လမ်းများ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဧပြီ ရက်တွင် ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းမှတစ်ဆင့် သိရှိရသည်။

 

ယခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အား ပြည်သူများအ‌‌နေဖြင့် ပျော်ရွှင်အေးချမ်းပြီး လုံခြုံစွာ ရေကစားနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဟု ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြောသည်။

 

ထို့နောက် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ၏ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက သင်္ကြန်ပွဲတော်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ရေကစားမှုစီစဉ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူး ဦးမြင့်ဇော်သန်းက ရေပက်ကစားရန် ရေအရင်းအမြစ်များရယူမှု၊ ရေအရည်အသွေး စစ်ဆေးစမ်းသပ်ထားမှုနှင့် Sprinkler များ၊ Sprinkler Gun များနှင့် ရေမှုန်ရေမွှားလျှောက်လမ်းများ တပ်ဆင်ထားမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

 

ယခုနှစ် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် ရုပ်ရှင်နှင့် ဂီတပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများအပြင် အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံးဌာနများနှင့် အခြားအဖွဲ့အစည်းများမှ အလွတ်တန်းအဆင့်အလိုက် (၁၂)ဦး၊ (၁၆)ဦး၊ (၂၀)ဦး ယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)