ရန်ကုန်မြို့တော်ဝန် မြို့တော်စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဇွန် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး‌ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၇ နာရီခွဲတွင်  ကမာရွတ်မြို့နယ် ပြည်လမ်းဘက်ခြမ်းရှိ အင်လျားကန်ပေါင်သို့ ရောက်ရှိကာ  စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်လမ်းမှ ကန်ပေါင်သို့သွားသည့် အဆင်းလမ်း လှေကားထစ် ပြုလုပ်ရန်နှင့် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းရန် မှာကြားသည်။

 

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် ပါရမီမီးပွိုင့်အနီးရှိ ပြည်လမ်းနှစ်ထပ်ကွေ့သို့ ရောက်ရှိပြီး နှစ်ထပ်ကွေ့နှင့် အုန်း၊ ကျူးဘားအုန်းနှင့် ထန်းပင်များ ပုံသွင်းနေမှု၊ အင်းလျားကန်စပ် မြက်ချုံများ ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက် ပါရမီလမ်းသို့ ရောက်ရှိကာ လမ်းဝဲ/ယာ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊ ရေမြောင်းများအတွင်းရှိ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ အုတ်မိုးကိုင်းများနှင့် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် အကိုင်းအခက်များ ခုတ်ထွင်ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သမိုင်းကောလိပ်လမ်းထိပ်အနီး စင်္ကြံမရှိသည့်နေရာတွင် မြောင်းဖုံးခင်းကျင်း၍ လူသွားစင်္ကြံခင်းကျင်းရန်၊ မြေပိုနှင့် ကမူများအား မြေညှိရှင်းလင်းရန်နှင့် စက်ဘီးလမ်း ပြုလုပ်ပေးရန် မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နှင့် မရမ်းကုန်းမြို့နယ်၊  ၄ ရပ်ကွက်အကြား တော်ဝင်လမ်းသို့ သွားရောက်၍ အကျယ် ၇၂ ပေ၊ ၆ လမ်းသွားရရှိအောင် အင်းစိန်မြို့နယ်ဘက်အခြမ်း အရှည် ၃၁၉၂ ပေနှင့် မရမ်းကုန်းမြို့နယ် ဘက်ခြမ်း အရှည်ပေ ၂၅၂၀ အား လမ်းသားတိုးချဲ့၍ ကွန်ကရိ ထု ၉ လက်မ ခင်းကျင်းနေမှု၊ လမ်းတစ်လျှောက် အကျယ် ၃ ပေ၊ အနက် ၃ ပေ အုတ်ရေမြောင်းနှင့်  ရေမြောင်းဖုံး လူသွားစင်္ကြံ ပြုလုပ်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး  မိုးဦးကာလ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် စက်ဘီးလမ်းပြုလုပ်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်