ရန်ကုန်၊ နိုဝင်ဘာ ၁၅

 

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇) လမ်းမကြီးအနီးတွင် အကောင်အထည်ဖော်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စီမံကိန်းဝင်းအတွင်း လမ်းများ ကွန်ကရစ်ခင်းကျင်းနေမှုနှင့် (၄) ခန်းတွဲ (၅) ထပ်တိုက်များ ဆောက်လုပ်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအချိန်မီပြီးစီးရေး၊ သေသပ်ကောင်းမွန်စွာ ဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ မြို့တော်ဝန်သည် စီမံကိန်းရှင်းလင်းဆောင်အတွင်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး “နေပြည်တော်နှင့် မန္တလေးရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်းများကို လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဖွင့်လှစ်ရန် စီစဉ်ပြီးဖြစ်ကြောင်း၊ ဖွင့်လှစ်သည်နှင့် ပြည်သူများအဆင်သင့်နေနိုင်ရန် ရေနှင့်လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ရေး၊ ဧပြီလတွင် စီမံကိန်း၏ Soft Opening ဖွင့်လှစ်သည့်အခါ အဆောက်အဦ အလုံး (၁၀၀) အထိ ပြီးစီးနိုင်ရန်အတွက် ရည်မှန်းဆောင်ရွက်ရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးကြပ်မတ်ရန် မှာကြားသည်။

 

ယခုတည်ဆောက်လျက်ရှိသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၇၀၄ ခန်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ၆၂၈၈ ခန်းနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ၃၀၀၈ ခန်း ဆောင်ရွက်လျက်ရှိသည်။ အဆောက်အဦပြီးစီးသည်နှင့် ပြည်သူများ အဆင်သင့်နေထိုင်နိုင်ရေးအတွက် လမ်း၊ ရေ၊ လျှပ်စစ်မီး စသည့် အခြေခံအဆောက်အအုံ လိုအပ်ချက်များနှင့် စိမ်းလန်းမြေနေရာများအား တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

 

သတင်းစဉ်