ရန်ကုန် အောက်တိုဘာ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၆ နာရီတွင်  ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ထမ်း အိမ်ရာဝင်းအတွင်း၌ ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက် မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန်အမျိုးမျိုးတို့ကို ဝန်ထမ်းမိသားစုများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်စေရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်နိုင်ရန် လိုက်လံ ကြည့်ရှုကြပ်မတ်စစ်ဆေးသည်။

 

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည်  ဆိပ်ကြီးခနောင်တိုမြို့ အောင်မင်္ဂလာလမ်းမကြီး၊  ဓညဝတီလမ်းနှင့် ဗဟိုလမ်းအကြားအရှည် ၁၄၂၅ ပေ၊ အကျယ် ၂၂ ပေ၊ ထု ၉ လက်မ ကွန်ကရိခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းသို့ နေစဉ်ပေးဝေလျက်ရှိသော အောင်မင်္ဂလာကန်၊ အကြိုရေသန့်စင်စက်နှင့် ရေတွန်းစက် များကိုလည်းကောင်း ၊ခနောင်တိုအရှေ့ ရပ်ကွက်ဗဟို လမ်းမပေါ်ရှိ  တစ်နေ့လျင် ရေလီတာ ၂၇၀၀၀ ပေးဝေနိုင်သည့် ရေသန့်စက်ရုံသို့လည်းကောင်း၊ အမက(၃) ကျောင်းလမ်းတွင် အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဆောင်ရွက်နေသော အိမ်ခန်း (၄)ခန်းပါ (၂)ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များမှာ ကြားသည်။

 

ထို့မှတစ်ဆင့် မြို့တော်ဝန်နှင့် အဖွဲ့သည် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိရာမြို့ပြစီမံကိန်း ဌာနမှ ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့ပြဖွံဖြိုးရေးသဘောထားပုံစံ (Conceputal Plan)ရေးဆွဲဆောင်ရွက်နေမှု၊ မြို့နယ်၏ ဖွံဖြိုးမှုအလားအလာ၊ အိမ်ရာ၊ လမ်း၊ သောက်သုံးရေ၊ လိုအပ်ချက်များနှင့် အဆိုပြုစီမံကိန်းအား ရှင်းလင်း တင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကဖြည့်စွက်ဆွေးနွေးကြရာ တင်ပြဆွေးနွေးမှုများအပေါ် မြို့တော်ဝန်က လိုအပ်သည်ဖြည့်စွက်များ မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ရူခင်းသာမြို့ပတ်လမ်းအတိုင်း သွားရောက်၍ မြို့ပြဖွံ့ဖြိုးရေးဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ တွံတေးတူးမြောင်းအားဖြတ်၍ ရှုခင်းသာမြို့ပတ်လမ်းနှင့် တွံတေး-ဒလကား လမ်းကို ဆက်သွယ်သည့် တံတားဆောက်လုပ်နေသည့် နေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)