ရန်ကုန် ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စည်ပင်သာယာရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်မြတ်စေတီတော်လမ်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းသင်တန်းကျောင်း၌ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၄၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ စွယ်တော်မြတ်စေတီတော်လမ်း ဘေးဝဲ/ယာ မြေပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြေနိမ့်နေရာများ တစ်ပြေးညီဖြစ်အောင် မြေဖို့ပြုပြင်ဆောင်ရွက်ရေး မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ သုဝဏ္ဏအားကစားရုံဝင်းအတွင်းရှိ စက်ဘီးပြိုင်ကွင်းပတ်လမ်းအား အရှည် ပေ ၁၃၈၀၊ အကျယ် ပေ ၄၀၊ ထု ၂ လက်မရှိ ကတ္တရာကွန်ကရိ (AC) ခင်းခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဝန်ထမ်းသင်တန်းကျောင်း သင်တန်းခန်းမ၌ ပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စာရေးဝန် ထမ်းသင်တန်း အမှတ်စဉ်(၄၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ကော်မတီရှိ ဌာနအသီးသီးမှ သင်တန်းသား/ သင်တန်းသူ (၅၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


