ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင် ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသား မျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့သွားရောက်ရန် မလိုဘဲ နေအိမ်အနီး အလွယ်တကူ ဝယ်ယူ နိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအညီ ဈေးဝယ်ပြုလုပ်ကြရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ အောင်သပြေလမ်းရှိ ပြည်ထောင်စုမြောင်းမကြီးအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ မြောင်းကမ်းစပ် တစ်လျှောက် မြက်ပင်များ ခုတ်ထွင်ရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းနှင့် သံသုမာလမ်းထောင့်၊ (၁၃)ရပ်ကွက်ရှိ စက်အမှတ်(၃)၊ ရတနာလမ်းရေတွန်းစက်သို့ သွားရောက်၍ တောင်ဥက္ကလာပ မြို့နယ် (၁၂)နှင့် (၁၃)ရပ်ကွက်များသို့ 20 HP ရေတွန်းစက်ဖြင့် ရေဖြန့်ဖြူး ပေးဝေနေမှု ကိုလည်းကောင်း၊ ရန်ကင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ မိုးကောင်းလမ်း ခုနှစ်ပင်လိမ်ချောင်းသို့ သွားရောက်၍ ၎င်းချောင်းအတွင်း အမှိုက်များ ၊မြောင်းချေးများကို (၇)တန် Amphibious Evacator ဖြင့် ဆယ်ယူရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ နံနက် ၁၀ နာရီတွင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံးသို့သွားရောက်ပြီး ဝန်ထမ်းများနှင့် ဝန်ထမ်း မိသာစုများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm Vaccine ထိုးနှံပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)