ရန်ကုန် အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ယနေ့နံနက် ၇ နာရီတွင် ကမာရွတ်မြို့ နယ်၊ ဗဟိုလမ်းနှင့် ဟံသာဝတီ လမ်းထောင့်ရှိ စည်ပင်သာယာ ရဲတပ်ဖွဲ့(ရန်ကုန်) အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကြီးကြပ်ပြီး ဆိတ်သား၊ ဝက်သား၊ အမဲသား၊ ကြက်သား၊ ရေချို/ရေငန်၊ ငါး/ပုဇွန်အမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နှင့် မီးဖိုချောင်သုံးပစ္စည်း အမျိုးမျိုးတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ဈေးသို့သွားရန်မလိုဘဲ မိမိတို့နေအိမ်ဝင်းအတွင်း အလွယ်တကူ ဝယ်ယူနိုင်ရန် ရောင်းချနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် အလုံမြို့နယ်၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ အမှတ် (၂) မော်တော်ယာဉ်ဝင်းအတွင်း သစ်ရွက်၊ သစ်ကိုင်းကြီးများ ခုတ်၊ ဖြတ်၊ ခွဲစက်မှထွက်ရှိလာသည့် အပိုင်းအစများကို အမှုန့်ပြန်လည် ပြုလုပ်ပြီး စိုထိုင်းဆ Moisture ၁၅ ရာခိုင်နှုန်း အောက်ရောက်သည်အထိ အခြောက်ခံပြီး လောင်စာတောင့်ထုတ်လုပ်နေမှုနှင့် Wood Chipping (Vermeer 1250 Chipper) (သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်၊ ဖြတ်၊ ကြိတ်ခွဲစက်) နှစ်လုံး ပြန်လည်ပြုပြင်ပြီး လက်တွေ့ ပြန်လည် ခုတ်၊ ဖြတ်၊ ခွဲနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြကြသည့်အပေါ် မြို့တော်ဝန်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့်အဖွဲ့သည် နံနက် ၉ နာရီတွင် မြို့တော် သန့်ရှင်းသာယာသပ်ရပ် စေရေးအတွက် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းများ အပါအဝင် လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာ လမ်းနှင့် ဗိုလ်ချုပ်လမ်းအကြား ပြည်လမ်းတစ်လျှောက်နှင့် ပြည်လမ်းနှင့် လမ်းမတော် လမ်းအကြား ဗိုလ်ချုပ်လမ်းတစ်လျှောက် ဘေးဝဲ/ယာများတွင် စည်ပင်သာယာ အနောက်ပိုင်းခရိုင် မြို့နယ် (၉) မြို့နယ်မှ ဝန်ထမ်းအင်အား (၂၀၀) ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုကို  လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်