ရန်ကုန် ၊ ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဉက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်၊ မာဃလမ်းရှိ ကျိုက္ကဆံချောင်းကူး တံတား (မာဃ) ပြန်လည် တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး Coronavirus Disease - 2019 ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ထုတ်ဝေသည့် “ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရမည့်အချက်များ” ခေါင်းစဉ်ပါ ပညာပေး ဗီနိုင်းပိုစတာနှင့် “စိုးရိမ်စိတ်တွေလွန်ကဲပြီးလုပ်ရင် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့များ” ခေါင်းစဉ်ဖြင့် တွေ့ဆုံ မေးမြန်းခန်း ဆောင်းပါးပညာပေး ဗီနိုင်းပိုစတာများကို အရှေ့ပိုင်းခရိုင်အတွင်း လူစည်ကားရာ နေရာများတွင် အသိပညာပေး စိုက်ထူသွားနိုင်ရန် ဗွီနိုင်း ပိုစတာများ၊ နှာခေါင်းစည်း (Mask) များကို အရှေ့ပိုင်း ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာဝန်ရှိသူများထံ ပေးအပ်သည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပန်းဉယျာဉ်နှင့် အားကစားကွင်းများဌာန၏ ၁၂/၂ မာဃအိမ်ရာဝင်းအတွင်း ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်၊ သုဝဏ္ဏ လေ့ကျင့်ရေး ဂေါက်ကွင်း (အား/ကာ)နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြက်ခင်းတု အားကစားကွင်းအကြား ဖြတ်သန်းစီးဆင်းသည့် ခုနှစ်ပင်လိန်ချောင်းအတွင်း (၂၁)တန် Long Arm Excavator စက်ယန္တရားဖြင့် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား အရှေ့ဘက် မုခ်အနီး ရေတာရှည်လမ်းဟောင်း လမ်းဘေးရေနုတ်မြောင်း အတွင်းရှိ အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှု လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးကြောင်း သိရသည်။
သတင်းစဉ်


