ရန်ကုန် သြဂုတ် 

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီတွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ စျေးနှင့် ကုန်စည်ပွဲရုံများစီမံခန့်ခွဲရေးဌာန၊ ပိတောက်မြိုင်စျေးသို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများနှင့် နှာခေါင်းစည်း ( Mask )များကို မြောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် တာဝန်ရှိသူများကို လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ပိတောင်မြိုင်စျေးအတွင်း စျေးရောင်းစျေးဝယ်သူများ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေ ရေးနှိုးဆော်ပြောကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဆောင်ရွက်နေသော ဗိုလ်အောင်ကျော် လမ်းတလျှောက် မူလအရှည် ၃၈၄၂ ပေ၊ အကျယ် ၂၄ ပေ လမ်းအား အကျယ် ၄၄ ပေ လေးလမ်းသွားရရှိအောင် ဝဲယာ ၁၀ ပေစီ ကွန်ကရိ  တိုးချဲ့ခင်းကျင်းနေမှုကိုလည်းကောင်း၊ ဗိုလ်အောင်ကျော် လမ်းနှင့် ရန်ကုန်-ပုသိမ် လမ်းဆုံတွင် ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော ရန်ကုန်-ပုသိမ် လမ်းမကြီး တလျှောက် ရေမြောင်းအား Amphibious Excavator ဖြင့် တူးဖော်ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး ဌာနမှ တာဝန်ယူဆောင်ရွက်နေသော ထိန်ပင်သုဿာန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိအောင် ကာကွယ်ထိန်းချုပ် ဆောင်ရွက်ထားရှိမှု၊ ထိန်ပင်ရှိ ဆေးရုံဆေးခန်းသုံး စွန့်ပစ်ပစ္စည်းအမှိုက် မီးရို့စက်တွင် မူလ တည်ဆောက်ပြီး တန် (၂၀) ကျ မီးရှိုစက်ကို ဌာနမှ အင်ဂျင်နီယာများဖြင့် တိုးချဲ့တည်ဆောက်ပြီးစီးမှု၊ လည်ပတ်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေးသုဿာန်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

(သတင်းစဉ်)