ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီတွင် ရန်ကင်းမြို့နယ်၊ (၈)ရပ်ကွက်၊ နှင်းဆီလမ်းရှိ ကံဘဲ့ စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေး ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်သန့်ရှင်း သာယာသပ်ရပ်ရေးအတွက် အမှတ် (၂)လမ်းမကြီး (ရိုးမရိပ်သာလမ်းနှင့် လိုင်စင် ရုံးလမ်း အကြား)၌ လမ်းဘေး ဝဲ/ယာ သစ်ပင်ချုံနွယ်များ၊ မြက်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ဆယ်ယူရှင်းလင်းနေမှုတို့ကို လည်း ကောင်း၊ မင်္ဂလာဒုံလေဆိပ်အနီး မရမ်းကုန်း မြို့နယ်(၅)ရပ်ကွက်၊ လေဆိပ်လမ်း ဂေါက်သီးလေ့ကျင့်ရေးကွင်းမှ ဉက္ကလာလမ်းနှင့် ပြည်လမ်းဆုံအထိ Excavator နှင့် Grader စက်ယန္တရားများ အသုံးပြု၍ လမ်းချဲ့ ထွင်ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း၊ MCC ခန်းမ၌ မြန်မာ-အိန္ဒိယဖွံ့ဖြိုး ရေးအသင်း Myanmar-India Association ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း တို့က ခုတင် ၁၈၀ ဆန့် ကိုဗစ်-၁၉ Quarantine Center အဆောင်များ ခင်းကျင်းထားရှိမှု၊ Monitoring Room ၊ ရေချိုးခန်း၊ အိမ်သာများ ပြင်ဆင်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)