ရန်ကုန်၊ ၁၈ မေ
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီက မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းနှင့် စွယ်တော်မြတ်လမ်းထောင့်၌ လမ်းနှင့်ယာဉ်ရပ်နား စခန်းများဌာနမှ ဆောင်ရွက်ထားရှိသည့် မီးပွိုင့်တပ်ဆင်ထားရှိမှု၊ ယာဉ်သွားလမ်း ယာဉ်ကြောများ ဆေးဆွဲထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာတို့မှ စွယ်တော်မြတ်လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် အမှတ် (၄)ရပ်ကွက် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ရှေ့တွင် ဆည်မြောင်းရေနုတ်မြောင်းအတွင်း ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ် အမှတ် (၄)ရပ်ကွက်၊ ဗဟိုလမ်းတွင် ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ကမာရွတ်ချောင်း ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်၊ ဟံသာဝတီလမ်းပေါ်ရှိ မြေဧရိယာ (၉ ဒသမ ၀၈၃)ဧကတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Crown Advanced Construction Co., Ltd. တို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Times City စီမံကိန်းလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ အဆိုပါစီမံကိန်းသည် စီးပွားရေးအဆောက်အအုံများနှင့် လူနေ အဆောက်အအုံများပါဝင်သော အဆောက်အဦ (၁၂)လုံးပါဝင်ပြီး ၈၉ ဒသမ ၆၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


