ရန်ကုန် ဇွန် ၁၃
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၈ နာရီခွဲတွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး သို့ ရောက်ရှိပြီး လမ်းနှင့် ယာဉ်ရပ်နားစခန်းများ စီမံခန့်ခွဲမှုဌာနမှ ဈေးအတွင်းရှိ လမ်းများ ကွန်ကရိလမ်းချော ခင်းကျင်းနေမှုနှင့် ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားသည့် ပုဇွန်တောင်ချောင်းကူး သာကေတတံတားဟောင်းရှိ စက်ဘီးလမ်းနှင့် လူသွားလမ်းပါ Linear Park တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ် ချက်များကို မှာကြားဖြည့်ဆည်း ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၊ သန်လျင် တံတား ချဉ်းကပ်လမ်းဘေးရှိ အမှတ်(၄၆) အခြေခံပညာမူလတန်းကျောင်းအတွင်း ရေဝင်ရောက်နေမှုကြောင့် ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ရေစုပ်စက်တစ်လုံးလျင် တစ်မိနစ်လျင် ရေဂါလန် ၆၆၀၀ စုပ်ထုတ်နိုင်သည့် ကူဘိုတာစက် ၂ လုံးဖြင့် ရေစုပ်ထုတ်နေမှုနှင့် ကျောင်း၏ မျက်နှာစာ၌ Excavator စက်ယန္တရားများဖြင့် အလျား ၆၀ အနံ ပေ ၄၀ နှင့် အနက် ၁၀ ပေရှိ ရေစုကန် တူးဖော်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ် ဆေးပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)




