ရန်ကုန်ဩဂုတ် ၄

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းက တွံတေးမြို့နယ်နှင့် ကော့မှူးမြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးမွေးမြူရေးဇုန်များအတွင်း စိုက်ပျိုးမွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးသည်။

 

ဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် မွေးမြူရေးဇုန် (၁) ရှိ ဦးဝင်းပြည့်ခြံ၌ ဥစားကြက် အကောင် ၁၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း၊ ဦးမျိုးဦးခြံ၌ ဥစားကြက် ၁၀၀၀ နှင့် အသားတိုးကြက် ၈၅၀၀ ကောင် မွေးမြူထားရှိမှုကိုလည်းကောင်း၊ ဦးမြင့်သိန်း ခြံ၌ ဉစားကြက် ၂၀၀၀ မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ခြံဝင်းများအတွင်း မြက်ပင်များ၊ ပြောင်းပင်များ စိုက်ပျိုးရန် မှာကြားသည်။

 

 

အဆိုပါတွံတေးမြို့နယ်မွေးမြူရေးဇုန်တွင် စုစုပေါင်းလုပ်ငန်းရှင် ၇၈ ဦးတို့က ဆိတ် ၃၂၇၉ ကောင်၊ နို့စားနွား ၂၇၃ ကောင်၊ အသားတိုးနွား ၁၁၃ ကောင်၊ အသားတိုးကြက် ၃၆၄၉၀ ၊ ဒေသကြက် ၁၉၃၀၈ ကောင်၊ ဥစားကြက် ၇၉၆၀၊ ကြက်မဲ ၈၈၄ ကောင်၊ ကြက်(ရမ်ပူရီ၊ ဟိုက်ဖလိုင်း) ၄၀၀ ၊ ဥစားဘဲ ၄၀၆၈ ကောင်၊ အသားတိုးဘဲ ၁၂၀၀၊ ငါးမျိုးစုံ ၁ , ၀၈၄ , ၀၀၀ ၊ ဝက် ၅၆၁ ကောင်၊ ငုံး ၁၄၃၇၀ တို့ကို မွေးမြူထားပြီး ဩဂုတ် ၃ ရက်အထိ အသားတိုး ကြက်ပိဿာချိန် ၁၈၁ , ၁၀၃ ပိဿာ၊ ဝက်ပိဿာချိန် ၁၉ , ၂၃၈ ပိဿာ၊ ဘဲပိဿာချိန် ၁၅ , ၇၃၃ ပိဿာ အမဲသားပိဿာချိန် ၃၂၀၀၊ ဆိတ်သား ပိဿာချိန် ၁၀ , ၀၂၈ ပိဿာ၊ ငါးပိဿာချိန် ၅၅၀၀ ၊ နွားနို့ပိဿာချိန် ၆၆ , ၅၈၀ ၊ ကြက်ဥအလုံးရေ ၆၃၃ , ၄၇၇ လုံး ၊ ဘဲဥအလုံးရေ ၅၀၆ , ၀၄၈ လုံး၊ ငုံးဥအလုံးရေ ၈၃၁ , ၉၀၇ လုံး ထုတ်လုပ် နိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 

ဆက်လက်၍ ကော့မှူးမြို့နယ် ရှားဘွားကျေးရွာအုပ်စု၊ ကော့မှူးစိုက်ပျိုးမွေးမြူရေး ဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့်နေရာသို့ သွားရောက်၍ ကော့မှူး စိုက်ပျိုးမွေးမြူရေးဇုန် စီမံကိန်းအတွင်း ကုန်ထုတ်ပတ်လမ်းအမှတ် (၃) ဖောက်လုပ်ပြီးစီးပြီဖြစ်၍ မြေနေရာဇုန်သတ်မှတ်ပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ကော့မှူးစိုက်ပျိုးမွေးမြူရေး ဇုန်စီမံကိန်းအနီး တိရစ္ဆာန်အစာအဖြစ် အသုံးပြု နိုင်သည့်နှံစားပြောင်း သီးနှံပင်များ စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ အတွက်အထောက်အကူဖြစ်စေရေး ပြောင်းနှင့်မြက်ပင်များ စိုက်ပျိုးရန်၊ မြေအမျိုးအစားပေါ် မူတည်၍ ဖြစ်ထွန်းနိုင်သည့် ပြောင်းသီးနှံအမျိုးအစားများ ရွေးချယ်စိုက်ပျိုးရန်တို့ကို မှာကြားသည်။

 

အဆိုပါ ကော့မှူးစိုက်ပျိုးမွေး မြူရေးဇုန်သည် (၁၂၄၁) ဧက အကျယ်အဝန်း ရှိမည်ဖြစ်ပြီး ကုန်ထုတ်လမ်း (၅) လမ်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန် - ပုသိမ် လမ်းမပေါ်သို့ သွားရောက်၍ ရန်ကုန် - ပုသိမ်လမ်းကို လမ်းသားတိုးချဲ့ရန် မြေပြင်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

 

သတင်းစဉ်