ရန်ကုန် စက်တင်ဘာ ၂၅

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည် ယနေ့ နံနက် ၇ နာရီတွင် ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ထမ်းအိမ်ရာ၌ ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံးကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနလိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများ ဌာနမှငါး/ပုဇွန်အမျိုးမျိုး ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဝန်ထမ်းအင်အား (၁၅၀)ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်းအတွင်း သစ်ပင်ကြီးများ၏ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းနေမှု၊ သစ်ပင်ကြီးများ ထူထပ်သောကြောင့် သဘာဝဘေးဒဏ် ကျရောက်ပါက ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေရန် ဝိတ်လျော့ခုတ် ထွင်ရှင်းလင်းနေမှု၊ မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှု၊စိမ်းလန်းစိုပြည်ရေးနှင့် မြေယာ ရှုခင်းပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းမဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် အနော်ရထာစက်မှုဇုန်ရှေ့ မြေဧရိယာ ၁၂ ဒသမ ၂၅၈ ဧကတွင် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်း အိမ်ရာစီမံကိန်းလုပ်ငန်းခွင်၌ ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက်နေသော ရန်ကုန်-ညောင်တုန်းလမ်း ရေမြောင်းနှင့် ရေစုကန်အား Excavator ဖြင့် တူးဖော်နေမှု၊ ရေမြောင်းမြေထိန်းနံရံ ပြုလုပ်နိုင်ရန်Kubota ရေစုပ်စက်ဖြင့် အဆိုပါမြောင်းမှ ရေအားပန်းလှိုင်မြစ်သို့ စီးဝင်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ်လမ်း ရေမြောင်းသို့ စုပ်ထုတ်နေမှု လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဘုရင့်နောင်တံတား အမှတ်(၂) ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ချုံနွယ်နှင့် မြက်များရှင်းလင်းရန်၊ ရေစုကန်အား ပြန်လည်တူးဖော်ရန်၊ ရေထိန်းတံခါးသို့ အဝင်လမ်းများ ပြုပြင်ရန်တို့ကို မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)